မြန်မာရိုဟင်ဂျာ စီးဒုက္ခသည် ၁၅၀ လောက် တင်ဆောင်လာတဲ့ လှေတစင်းဟာ အင်ဒိုနီးရှားနိုင်ငံကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထပ်မံပြီးတော့ ရောက်ရှိလာခဲ့တယ်လို့ အင်ဒိုအစိုးရပိုင် အန်တာရာ သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရဲ့ အဆိုအရ လှေပေါ်မှာ အမျိုးသား ၅၃ ယောက်၊ အမျိုးသမီး ၃၉ ယောက်နဲ့ အရွယ်မရောက်သေးသူ ၅၅ ယောက် ပါဝင်နေပြီး ဆူမတ်တြားကျွန်း မြောက်ပိုင်းက ကာရန်ဂတ်ဒင်းကျေးရွာအနီးမှာ သောင်တင်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အဆိုပါ ဒုက္ခသည်တွေကို အစိုးရနဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ (UNHCR) တို့လို အဖွဲ့တွေက ထောက်ပံ့ပေးမယ့် လူသားချင်းစာနာမှု အကူအညီတွေ စောင့်ဆိုင်းနေချိန်မှာ ယာယီခိုလှုံဖို့ နေရာတွေမှာထားရှိတယ်လို့ သိရပြီး နောက်ထပ် တခြားသင်္ဘော ၂ စင်းဟာလည်း အင်ဒိုနီးရှားကမ်းရိုးတန်း တလျှောက် ရှိနေသေးတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ကမ်းရိုးတန်းဆီ ဦး တည်ချဉ်းကပ်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်လှေတစင်းကို အင်ဒိုနီးရှား ရေတပ်က နှင်ထုတ် လိုက်ပြီးနောက် ဒါက အသုတ်လိုက် အသစ်ထပ်မံရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
UNHCR ရဲ့ အချက်အလက်တွေအရ အင်ဒိုနီးရှားနိုင်ငံကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ပိုင်း ရိုဟင်ဂျာ ဒုက္ခသည် ၁,၅၀၀ ကျော်လောက် ရောက်လာခဲ့တယ်လို့ သိရပါ တယ်။
၂၀၂၂ ခုနှစ်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည် ၃,၅၀၀ နီးပါးလောက် ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ထဲ အန္တရာယ်ရှိတဲ့ ရေလမ်းခရီးနဲ့ သွားရောက်ခဲ့ကြပြီး အဲဒီထဲက အနည်းဆုံး ၃၄၈ ယောက်ကတော့ သေဆုံးတာ၊ ဒါမှမဟုတ် ပျောက်ဆုံးသွားခဲ့ ကြတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေကို ကျူးကျော်ဝင်ရောက်လာသူတွေအဖြစ် သတ်မှတ်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမရှိဘဲ အနိုင်ကျင့် နှိပ်စက်မှုတွေခံနေရတာကြောင့် မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ထွက်ခွာနေကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ပင်လယ်ပြင် ပိုမိုငြိမ်သက်တဲ့ အချိန်ဖြစ်တဲ့ နိုဝင်ဘာလနဲ့ ဧပြီလကြားမှာ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံအပြင် မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို သစ်သားလှေတွေနဲ့ ထွက်ခွာလေ့ရှိကြ ပါတယ်။
Source:La Prensa Latina
Photo- Reuters