ပဲခူးတိုင်းဒေသ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒိုးတန်း ကျေးရွာ၊ ကွမ်းအုံကျေးရွာမှတဆင့် သဖန်းဇင်ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက သိရပါတယ်။
အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းကို ဇန်နဝါရီ ၁ ရက် နေ့လယ် ၁ နာရီ၊ မိနစ် ၄၀ မှာ ပုဝါနီ ပြောက်ကျားပွိုင့်က မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက တာဝန်ရှိသူ က ပြောပါတယ်။
"အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီစစ်ကြောင်းက ၄ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွှေကဇောင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားတယ်။"
ပုဝါနီပြောက်ကျားပွိုင့်မှာ အထိခိုက်မရှိ အောင်မြင်စွာ မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့သလို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စစ်တောင်းမြစ်ဘေးရှိ ကြံခင်း ၅ ဧက ခန့် မီးလောင်ပျက်စီး ခဲ့ရတယ်လို့ ပုဝါနီစစ်ကြောင်းက သိရပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းရွာရှိ ဆွဲဒလွဲဘုန်းကျောင်းကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၃၁ ရက် မနက် ၈ နာရီ ၄၅ မိနစ်ကနေ မနက် ၁၀ နာရီခွဲအထိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရ၌ါတယ်။
“အဲဒီညောင်လေးပင် ခမရ ၂၀၊ ရွှေကျင် ခမရ ၃၅၀ တပ်ရင်းက ပုဇွန်မြောင်း ရွာမှာ အင်အား ၇၀ လောက်နဲ့ ရွာရဲ့ ၄ နေရာလောက်ကို နေရာယူထားတယ်။ အခု ကျနော်တို့ဘက်က အရင်ပစ်တာ စကစ ဘက်က ၃ ယောက်ကျဆုံးခဲ့တယ်။ မိမိတို့ဘက်က အထိခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တာဝန်ရှိက ပြောပါတယ်။
ဒေသခံတဦးက "အဲဒီစကစဘက်က တပ်ရင်းတွေဟာ အိမ်ခြေ ၂၀၀ လောက် မီးရှို့ထားတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာ ရွာထဲက လျှပ်စစ်မီးကြိုးတွေ ကြေးတွေကို ထုတ်ယူရောင်းစားပြီး အဖိုးတန်ပစ္စည်းနဲ့ ပရိဘောဂတွေနွားတွေရောင်းစားခဲ့တယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ပုဇွန်မြောင်းရွာက အိမ်ခြေ ၁၅၀၀ လောက်၊ လူဦးရေ ၇၀၀၀ လောက်ဟာ ညောင်လေးပင်မြို့နဲ့ နီးစပ်ရာရွာတွေမှာ ရှောင်နေရပြီး ဒီနေ့အထိ နေရပ် မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
ပဲခူးတိုင်း သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် မောင်ဉာဏ်ကို ဒီဇင်ဘာ ၃၁ ရက် မနက် ၉ နာရီက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အုပ်ချုပ်ရေးမှူး ဆိုင်ကယ် စီးလာစဥ် ဂန့်ဂေါ်ပင်ရွာနဲ့ ဗိုလ်တထောင်ရွာကြားမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ ရဲဘော်တွေ ပူးပေါင်းပြီး သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခဲ့တယ် လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးဟာ ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ အဲဒီနေ့ည ၉ နာရီက မင်္ဂလာဒုံစစ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူး မောင်ဉာဏ်ဟာ ပျူသင်တန်းတက်ရောက်ထားတဲ့ စကစထောက်တိုင် အမာခံဖြစ်ပြီး လူငယ်တွေကို ရဲနဲ့ စစ်တပ်ထဲဝင်ဖို့ စည်းရုံးကာ ပျူစောထီးအဖွဲ့ ဖွဲ့စည်းပြီး စစ်ကောင်စီအတွက် အင်အားစုဆောင်းပေးတာ၊ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်း ထောက်လှမ်းပေးပို့တာ၊ သေနတ်ပြပြီး လက်နက်အားကိုးနဲ့ ဒေသခံတွေကို ဖိနှိပ် ဒုက္ခပေးနေတာကြောင့် အခုလို အရေးယူရခြင်းဖြစ်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။