ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြောင်းဈေးကျတဲ့အတွက် ပြောင်းစိုက်တောင်သူတွေ စိုက်ပျိုးစရိတ်နဲ့ ပြန်မကာမိလောက်အောင် အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ စိုက်ပျိုးတောင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြောင်းဈေးတပိဿာ ၁,၃၀၀ ကျပ်အထိ ရခဲ့ပေမဲ့ ဒီနှစ်မှာတော့ အမြင့်ဆုံး ၉၀၀ ကျပ်ပဲ ရရှိတယ်လို့ သိရပါတယ်။
ညောင်ရွှေမြို့နယ်မှ ပြောင်းစိုက်ပျိုးတဲ့ အမျိုးသားတဦးက “မြေဩဇာက ဈေးအရမ်းကြီးတယ်လေ။ မျိုးစေ့ကအစ စိုက်ပျိုးချိန်ဆို ဈေးကြီးပေးဝယ်ရတယ်။ စက်ထယ်တာတွေအပါဆို ၄၀ လောက်ကုန်နေပြီ၊ ၁၃ ထုပ်စာပေါ့။ လူငှားခတောင် မတွက်ရသေးဘူး။ မြေမရှိတဲ့လူဆို မြေငှားခပါ ပေးရတယ်။ ကျနော်တို့ဆို အများကြီးစိုက်လို့ နည်းနည်းပြန်ကာလို့ ရတယ်။ အရင်းလောက်တော့ပြန်ရတယ်။ နည်းနည်းလေးစိုက်တဲ့လူဆို အများကြီးရှုံးတယ်” လို့ ပြောပါတယ်။
ရွာအထိလာဝယ်တဲ့ ပွဲစားတွေကလည်း ပေါက်ဈေး တပိဿာ ၉၀၀ ကျပ်နဲ့ မဝယ်ယူပေးဘဲ ၈၀၀ နဲ့သာ ဝယ်ယူပေးတယ်လို့ သိရပါတယ်။
အောင်ပန်းမြို့အထိ သွားရောက်ရောင်းချဖို့အတွက်ကလည်း ပြောင်းတပိဿာအတွက် သယ်ယူစရိတ် ငွေကျပ် ၃၀၀ လောက် ကုန်ကျတဲ့အတွက် တောင်သူတွေက ပွဲစားတွေပေးတဲ့ဈေးနဲ့ ရောင်းချနေရတာပါ။
ဆီဆိုင်မြို့နယ်မှာ စိုက်ပျိုးစရိတ် အရင်းအနှီးမရှိတဲ့လူတွေအတွက် စိုက်ပျိုးရေးကုမ္ပဏီတွေက မျိုးစေ့နဲ့ မြေဩဇာတွေကို ကြိုထုတ်ပေးတာတွေရှိပေမဲ့ အရင်နှစ်တွေကလောက် စိုက်ပျိုးစရိတ်တွေကို မပေးနိုင်တော့ဘူးလို့ သိရပါတယ်။
“သူများဆီကယူပြီး စိုက်တယ်။ ဈေးကမကောင်းတော့ သူများကို အလုပ်လုပ်ပေးတာပဲ ဖြစ်သွားတယ်။ အရင်းရော၊ အတိုးရောပါဆို ဒီနှစ်က ပြောင်းဈေးမရှိတော့ ကိုယ့်အတွက်တောင် မကျန်ဘူး။ စားရသောက်ရဖို့ စိုက်နေတာပဲရှိတာ။ စိုက်ပျိုးရ ပင်ပန်းရသလောက် အကျိုးအမြတ်တွေမရဘူး။”
စစ်အာဏာသိမ်းပြီးတဲ့ ၂ နှစ်ကျော်ကာလမှာ ကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး နိုင်ငံခြားငွေတန်ဖိုး အဆမတန် မြင့်တက်လာတဲ့အတွက် ငွေကြေးဖောင်းပွရာကနေ စိုက်ပျိုးရေးစရိတ်တွေ ကြီးမြင့်လာရတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာစိုက်ပျိုးတဲ့ ပြောင်းတွေဟာ မြန်မာတနိုင်ငံလုံးရဲ့ စိုက်ပျိုးမှု ၄၉ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံကို အဓိကထား တင်ပို့ရနေတာ ဖြစ်ပါတယ်။