ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက ဟိုက်ဂျက်ကားတစီး ဘရိတ်ပေါက်ကာ လမ်းဘေးဘယ်ရီယာတုံးကို ဝင်တိုက်ပြီး ယာဉ်ပေါ်ပါလာတဲ့ ကလေးတဦး သေဆုံးကာ ၈ ဦး ဒဏ်ရခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်း ၃၁၆/၂ နဲ့ ၁ ဖာလုံကြားမှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဟိုက်ဂျက်အဖြူရောင်ကားဟာ ဇန်နဝါရီ ၁ ရက် ညနေ ၃ နာရီခန့်က ဘရိတ်ပေါက်ပြီး လမ်းဘေးဘယ်ရီယာတုံးကို ဝင်တိုက်ခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅ ဦးထဲက အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြင်စည်အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တဦးက “မန္တလေးကနေ ရန်ကုန်မောင်းလာတဲ့ကား နေပြည်တော်ဘက်ခြမ်းမှာ ဘရိတ်ပေါက်ပြီး လမ်းဘေးဘယ်ရီယာတုံးကို တိုက်လိုက်တာ။ ကလေးတဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီး ၂ ဦးထဲက အသက် ၄၀ အရွယ် အမျိုးသမီး ခေါင်းဘယ်ဘက်ကို ထိသွားတယ်။ နောက်ထပ် ကလေးအမျိုးသမီးတဦးကတော့ ရင်ဘတ်အောင့်ပြီး နှာခေါင်းကျိုးသွားတာ။ သူတို့နှစ်ယောက်ပဲ စိုးရိမ်ရတာပါ၊ ကျန်တဲ့သူတွေက ပွန်းပဲ့ဒဏ်ရာပဲရတာ” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာကို ပြင်စည်အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြင်စည် အမြန်လမ်းရဲစခန်းမှ စခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီခဲ့ပြီး သေဆုံးတဲ့အလောင်းနဲ့ ဒဏ်ရာရရှိသူတို့ကို EMS 192 လူနာတင်ယာဉ်နဲ့ မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း ၅၇/၀ ဖာလုံကြားမှာ ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းကလည်း ယာဉ်မောင်းအိပ်ငိုက်သွားတာကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ရဟန်း ၂ ပါး၊ ကိုရင် ၃ ပါးနဲ့ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။