မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်း တိုက်ဖျက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဆိုင်ရာ သဘောထားကို ဇန်နဝါရီ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။
NUG အစိုးရအနေနဲ့ ပြည်သူကို ဗဟိုပြုတဲ့ စံတန်ဖိုးတွေကို ဖော်ဆောင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ရည်မှန်းထားတာနဲ့အညီ လွတ်လပ်တက်ကြွပြီး ဘက် မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ်လိုက်နာကျင့်သုံးနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အားလျော်စွာ မြန်မာနိုင်ငံအတွက် အထူးအရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့ ခံယူကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံကြား စစ်မှန်တဲ့ “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမှာ ဖြစ်တဲ့အပြင် တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်းဖြစ်ရေး မြန်မာနိုင်ငံက အမြဲကြိုးပမ်း၊ ရပ်တည်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးကိုမျှော်ရည်ပြီးတော့ မြန်မာနိုင်ငံတွင်းက တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တခြားလူမှုစီးပွားလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်သွားမယ်လို့လည်း NUG အစိုးရက သဘောထား ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ဘယ်လိုအဖွဲ့ အစည်းကိုမှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုကြောင်းနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်တွေ အပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအားလုံးကို မြန်မာနိုင်ငံက တာဝန်ယူ ဆက်ခံမယ်လို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကလည်း ကျားဖြန့် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်သွားမယ်လို့ ကြေညာထားပါတယ်။
အလားတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း တရုတ်အကျိုးစီးပွားကိုထိခိုက်စေမယ့် လုပ်ဆောင်ချက် တွေကိုလက်မခံကြောင်း၊ အွန်လိုင်းလောင်းကစားမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပပျောက်စေရေးနဲ့ နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ ကာစီနိုနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက တရုတ်နိုင်ငံသားတွေအပါအဝင် ဒေသတွင်း နိုင်ငံတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။