မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောင်းလဲခန့်အပ်ဖို့ လုပ်နေတာတွေကို မကျေနပ်တာကြောင့် ဒေသခံပြည်သူတွေ ဆန္ဒပြ တောင်းဆိုနေပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ကလည်း ဆန္ဒပြတောင်းဆိုခဲ့ကြသလို ဇန်နဝါရီ ၁ ရက်ကလည်း ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူတဦးက “ကျေးရွာဘက်တွေမှာတော့ ဆန္ဒပြနေတာ ၅ ရက်လောက်ရှိနေပြီဗျ။ ကျနော်တို့ရဲ့ မြို့နယ် ပအဖ အဖွဲ့ဝင်တွေကို သွေးထိုးနေတဲ့ အဖွဲ့စည်းတခုက ခရိုင်ပအဖနဲ့ပူးပေါင်းပြီး ပြင်ဆင်ဖွဲ့စည်းဖို့ ကြိုးပမ်းနေတာကြောင့် လက်မခံတာကြောင့် ပြည်သူတွေအားလုံး ဆန္ဒပြတောင်းဆိုနေကြတာ” လို့ ပြောပါတယ်။
“၂၀၂၁ ခုနှစ်ကတည်းက လုပ်ခဲ့တဲ့ ပအဖ အဖွဲ့ဝင်တွေကိုဘဲအသိမှတ်ပြုတယ်။ယခု နယ်မြေစိုးမိုးမှုရရှိတဲ့ အချိန်မှသာလျှင် နေရာဝင်ယူလိုတဲ့ဟာကို မလိုလားပါဘူး။ အခက်ခဲဆုံးအချိန်မှာက ယခင်လူတွေ တာဝန်ထမ်းခဲ့ရတယ်။ အခုအချိန်ကျမှာ နေရာဝင်ယူလိုတဲ့ သူတွေကို ရပ်ကျေးပအဖ တာဝန်ခံတွေအပါဝင် ပြည်သူတွေက ဆန္ဒပြနေကြတာ” လို့ ဆက်ပြောပါတယ်။
အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ အသေးစိတ်သိရှိနိုင်အောင် ဂန်ဂေါခရိုင် ပအဖတာဝန်ခံ ဦးမြတ်လေးဦးကို ဒီဗွီဘီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။