စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အနီး မင်းရဲကျော်စွာလမ်းမပေါ်က ဒေါ်သန်းလှကုန်စုံဆိုင်နဲ့ အောင်မြေမာန်ရပ်ကွက်က ကုန်သည်ပွဲစားနေအိမ်ကို ဒီဇင်ဘာ ၃၀ ရက် ညမှာ လက်နက်ကိုင်အဖွဲ့တွေက ဓားပြတိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ည ၇ နာရီ မီးပျက်တဲ့အချိန်မှာ အရပ်ဝတ်နဲ့လူ ၅ ယောက် ဆိုင်ထဲဝင်ပြီး လက်နက်ကိုင်ထားတဲ့ လူတယောက်က ဆိုင်ရှင်အမျိုးသမီးတယောက်ကို သေနတ်နဲ့ချိန်ပြီး ကျန်တဲ့လူတွေက ငွေကြေးနဲ့ ရွှေတွေ ယူသွားကြတာလို့ ပြောပါတယ်။
ကုန်စုံဆိုင်နဲ့ နီးစပ်သူတဦးက “မသန်းလှဆိုင်က ဈေးအရမ်းရောင်းရတယ်။ သူတို့က ငွေလွှဲ ငွေထုတ် ဝန်ဆောင်မှုလည်း လုပ်တယ်။ ဓားပြတွေက ဆိုင်ကိုစောင့်ကြည့်ပြီး လူရှင်း မီးပျက်တဲ့အချိန် ဝင်တိုက်ကြတာ။ ဖုန်း၊ ရွှေ၊ ပိုက်ဆံ၊ ဖုန်းဘေကစမကျန် အကုန်ယူသွားကြတာ။ အောင်မြေမာန်က ပွဲစားအိမ်လည်း ဓားပြတိုက်ခံရတာ သိန်း ၅၀ ပါသွားတယ် ကြားတယ်။ နေအိမ်မနီးတော့ တိတိကျကျေတာ့ မသိဘူး” လို့ ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ မိသားစုဝင်တွေကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့သလို ဓားပြတိုက်မှုကြောင့် ကာလတန်ဖိုး ဘယ်လောက်ဝန်းကျင် ဓားပြတိုက်ခံခဲ့ရတယ် ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဓားပြတိုက်သူတွေဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပေမဲ့ ဒီဗွီဘီအနေနဲ့တော့ အတည်မပြုနိုင်သေးပါဘူး။
ကလေးမြို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ကိုဗန်ထောင်ဘိတ်က “စစ်တပ်ကတော့ တခုခုဆို ကျနော်တို့ ရဲဘော်တွေကိုပဲ ရိုးချမယ်။ ဒကစ ဧရိယာလေ။ ကျနော်တို့ဘက် ရဲဘော်တွေ ဘယ်လိုလုပ် သွားလို့ရမလဲ။ သူတို့ပျူတွေအချင်းချင်း ရိုက်စားလုပ်ပြီး မြို့ထဲလှည့် ဓားပြတိုက်နေကြတာ” လို့ ပြောပါတယ်။
အဲ့ဒီဓားပြတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လာရောက်စုံစမ်း အရေးယူတာ မရှိသလို ဒေသခံတွေကလည်း သွားရောက်တိုင်ကြားတာ မရှိကြဘူးလို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းကလည်း ကလေးမြို့ အရှေ့ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အောင်သစ္စာနဲ့ အောင်မင်္ဂလာရပ်ကွက်မှာ ဓားပြတိုက်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါသေးတယ်။