မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာ၊ ကမ်းနားမှာ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဘိန်းစာရွက်တွေ တင်ဆောင်လာတဲ့ မော်တော်ယာဥ်တစီးကို စစ်ကောင်စီရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းအရ ဟိုက်ဂျက်အမျိုးအစား အဖြူရောင်မော်တော်ယာဥ်တစီးကို တားဆီးခဲ့ရာ မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ အခင်းဖြစ်နေရာအနီး နေထိုင်သူတဦးက ပြောပါတယ်။
“ရဲကတားတာကို ကားကမရပ်ဘဲ အဲ့ဒီရဲကို တိုက်ပြီး ထွက်ပြေးတာ။ ကားနောက်ကပါလာတဲ့ ဆိုင်ကယ်တစီးလည်း မရပ်ဘဲ ထွက်ပြေးတာပေါ့။”
မုတ္တမနယ်မြေရဲစခန်းနဲ့ နီးစပ်သူတဦးက “ကားနဲ့အတိုက်ခံရတဲ့ ရဲတပ်သားက ပွန်းပဲ့ဒဏ်ရာတွေ ရသွားပြီး နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ဖမ်းတာ။ BA-94 သေနတ်နဲ့ တချက်ခြောက်ပစ်လိုက်တာ ဆိုင်ကယ်သမားကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ကားသမား ၂ ယောက်ကတော့ ကျွဲခြံသင်္ချိုင်းကုန်းလမ်းအတိုင်း မောင်းပြေးရာက ကားထားပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့တာပါ” လို့ ပြောပါတယ်။
ဟိုက်ဂျက်မော်တော်ယာဉ်ပေါ်က တထုပ်ကို ၁၀ ပိဿာခန့်ရှိတဲ့ ဘိန်းစာရွက်အစို ၁၃ ထုပ်၊ အမည်မသိ သေဆုံးသူရဲ့ ဆိုင်ကယ်တူးဘောက်အတွင်းမှ MG-36 လက်ပစ်ဗုံးတလုံးနဲ့အတူ ဗုံးမှာတပ်ဆင်အသုံးပြုတဲ့ အဖြူရောင် ပလတ်စတစ်ဘူးနဲ့ ထည့်ထားတဲ့(ဖျုစ်) ၁ ချောင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။