အဆုံးသတ်အောင်ပွဲရဖို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဘုံရန်သူကို တညီတညွတ် တွန်းလှန်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်မိန့်ခွန်းမှာ ပြောပါတယ်။
“၂၀၂၃ ခုနှစ်ထဲ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်နိုင်တဲ့အဆင့်ဟာ ထူးခြားပြီး (ထင်ထားတာထက်) ကျော်လွန်နေတယ်။ တနိုင်ငံလုံးအနှံ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအားလုံး တညီတညွတ်တည်း တိုက်ပွဲဝင် တော်လှန်လာရာ စစ်ကောင်စီတပ် ခံနိုင်ရည်မရှိဘဲ ရှုံးနိမ့်လာတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ၂၀၂၄ မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ်လို့ ယူဆရပါတယ်။”
အဆုံးသတ် ဝောာ်လှန်ရေးအောင်ပွဲခံရဖို့ ဝောာ်လှန်ရေးအဖွဲ့တွေအချင်းချင်း စိတ်ဝမ်း တညီတညွတ်နဲ့ အဓိကဘုံရန်သူကို တိုက်ခိုက်သွားဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေကြား အချင်းချင်း၊ လူမျိုးတမျိုးနဲ့တမျိုးကြား ဖြေရှင်းရခက်တဲ့ ပြဿနာတွေ မဖြစ်အောင် သတိထားဖို့လည်း ပြောကြားထားပါတယ်။
တော်လှန်ရေးအတွေ့အကြုံတွေကို ထိထိရောက်ရောက် အသုံးချပြီး နည်းဗျူဟာအသစ်တွေနဲ့ ပြီးခဲ့တဲ့နှစ်က လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ကာ ပိုကောင်းအောင် လုပ်သွားဖို့လည်း တိုက်တွန်းထားပါတယ်။
“လွတ်မြောက်ဖို့ ပြည်သူတွေ ဒုက္ခကြုံလာရမယ်။ ဘယ်လိုမျိုး ခက်ခဲဒုက္ခတွေကို ကြုံရကြုံရ ကြောက်လန့်ပြီး လက်မြှောက်အရှုံးပေးစရာ မလိုကြောင်း” လည်း ပါရှိပါတယ်။
၂၀၂၃ ခုနှစ်မှာ တနိုင်ငံလုံး ခက်ခဲဒုက္ခဖြစ်ရတဲ့ တရားခံဟာ စစ်ကောင်စီဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၉ ရက် ညက မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲခဲ့လို စစ်ရှောင်ပြည်သူတွေ အများအပြား ထိခိုက်သေဆုံးခဲ့ကြတာဟာ လူသားချင်းစာနာစိတ် မရှိတဲ့ အကြမ်းအဖက်ဆုံးလုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေ ပျက်စီးဆုံးရှုံးနေရတာကြောင့် စစ်ရှောင်တွေကို သတ်ဖြတ်ခဲ့သလို မြန်မာတနိုင်ငံလုံးက ပြည်သူတွေကိုလည်း ရန်သူသဖွယ် တိုက်ခိုက်လာတာလို့ ဆိုပါတယ်။