Home
မြန်မာသတင်း
ကျောက်တော်မြို့နယ် တင်းမဗျူဟာကုန်းကို အေအေသိမ်းပိုက်
DVB
·
January 1, 2024
AA_01012024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမဗျူဟာကုန်းကို ဇန်နဝါရီ ၁ ရက် မနက် ၆ နာရီကျော်လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ပြီး အေအေဘက်ကလည်း စစ်သည်တချို့ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီဗျူဟာကုန်းကနေ လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရရှိခဲ့ပြီး သယ်ယူဖို့ စီစဥ်နေတယ်လို့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။

“တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်တော့ ကိုယ့်လူ၊ သူ့လူ ရောထွေးသွားတယ်။ လက်ရှိအချိန်မှာတော့ ကျောက်တော်အခြေစိုက် စခက ၉ တပ်မက အတွဲလိုက်ဒုန်းတွေ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတယ်။”

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ချင်းလက်ဝ (အောက်) ရွာနားမှာလည်း အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာနေတာကြောင့် လေကြောင်းပစ်ကူအပြင် ပလက်ဝအခြေစိုက် ခလရ ၂၈၉ က လက်နက်ကြီးပစ်ကူတွေ ပေးခဲ့ကြတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024