ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့တောင်ဘက် အင်းကုန်းကျေးရွာ အရှေ့ဘက်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အသက် ၃၇ နှစ်အရွယ် ကိုသန်းထွန်းလေးဟာ ဒီဇင်ဘာ ၃၁ ရက် ညနေ ၅ နာရီခွဲလောက်မှာ သဲတူးစက်နဲ့ သဲတူးနေစဉ် ကမ်းပါးပြိုကြပြီး သဲပိသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဆောက်လုပ်ရေးလုပ်ငန်းမှာ သူက ကမ်းပါးနားကိုကပ်ပြီး သဲတူးတဲ့အချိန်မှာ ကမ်းပါးပြိုကျပြီး ပိသွားတာ။ ကျနော်တို့ တောင်ပေါ်ဒေသမှာတော့ မြစ်သဲလိုမျိုး အနုမရှိတော့ ကမ်းပါးရံမှာ သဲတူးရတယ်။ ကျနော်တို့ကို သူ့မိသားစုက အကူအညီတောင်းလို့ သွားခဲ့တဲ့အချိန် ကျနော်တို့ရှာဖွေတာ ၁၀ နာရီ ၂၅ လောက်မှ အလောင်းတွေ့တာ။”
သေဆုံးသွားတဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံက ရွာငံပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ ၂၀၂၀ ပြည့်နှစ် မေ ၁၆ ရက်ကလည်း သဲကျင်းပြိုကျပြီး အသက် ၄၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။