စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ညောင်ပင်တဲကျေးရွာကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ ငွေကြေးလိုအပ်ချက်တွေ ရှိနေတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာက လူနေအိမ်ခြေ ၁၄၀ ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူဦးရေ ၅၆၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးရှို့ခံနေအိမ်က ပြည်သူတွေဟာ မီးလောင်ပြင်မှာ လက်ရှိနေထိုင်နေကြရပြီး ရာသီဥတု အေးတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
နေအိမ်မီးရှို့ခံရသူတွေကို တဲအိမ်လေးတွေ ပြန်လည်တည်ဆောက်ပေးဖို့အတွက် ၁ အိမ်ကို ငွေကျပ် ၃ သိန်း သတ်မှတ်ထားပြီး အိမ်ခြေ ၁၄၀ အတွက် ငွေကျပ်သိန်း ၄,၂၀၀ လောက် လိုအပ်နေတယ်လို့ မြို့နယ် ပကဖအဖွဲ့ဆီက သိရပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “လောလောဆယ်တော့ နယ်ထဲက ကျေးရွာတွေက ကူပေးနေတာပေါ့။ စားနပ်ရိက္ခာကတော့ ကူပေးနေတာတွေရှိတယ်။ လာလှူပေးကြတာတွေလည်း ရှိတယ်။ လောလောဆယ်တော့ မီးလောင်ပြင်ကို ရဲဘော်တွေက ရှင်းထားပေးတယ်။ အဲ့ဒီမှာပဲ သံပြားတွေ သွပ်ပြားတွေကာပြီး နေကြတာပေါ့။ လက်ရှိ အိမ်တွေပြန်ဆောက်ပေးဖို့ run နေကြပြီ။ ရွာထဲမှာလည်း စစ်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကော်မတီဆိုပြီး ဖွဲ့ပေးထားပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းက ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာက လူနေအိမ်ခြေ ၁၄၀ နဲ့ စပါးတင်း ၃,၀၀၀ ကျော် အပါအဝင် တခြား တန်ဖိုးရှိပစ္စည်းတွေကို မီးခဲ့ပြီး ကျေးရွာလူကြီးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။