Home
မြန်မာသတင်း
ငပုတောမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ
DVB
·
January 1, 2024
NLD MP_01012023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ က လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးကို စစ်ကောင်စီက ဒီဇင်ဘာ ၂၉ ရက်မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တယ်လို့ သူနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

ဦးသက်ပိုင်စိုးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်  မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဟောင်းအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ ရက်မှဦတော့ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ စစ်ကောင်စီက ပြုလုပ်တဲ့ လက်နက်ချ အလင်းဝင်ပွဲ အခမ်းအနားမှာ ဦးသက်ပိုင်စိုး ထွက်ပေါ်ခဲ့ပြီး အလင်းဝင်တယ်ဆိုကာ လက်မှတ်ရေးထိုးခဲ့ကာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အပြစ်တင် အပုပ်ချ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဦးသက်ပိုင်စိုးနဲ့ နီးစပ်တဲ့ တက်ကြွလှုပ်ရှားသူတယောက်က “ တနေ့ ဒီလိုဖြစ်လာမယ်ဆိုတာ ခန့်မှန်းမိပါတယ်။ မိသားစု ဖိအားကြောင့်ပါဆိုပြီးတော့ စစ်ကောင်စီနဲ့ ပေါင်းသွားတာ။ သူက အာဏာသိမ်းပြီးနောက် မြို့နယ်ပကဖတာဝန်ခံ လုပ်ခဲ့သေးတယ်။ စစ်ကောင်စီရဲ့ အသုံးချခံ သက်သက် ဖြစ်ခဲ့ရတာ။ စစ်ကောင်စီကို ယုံမှတ်ပြီးတော့လုပ်တဲ့ ဘယ်သူမဆို သွားရာလမ်းပဲလေ”  လို့ ပြောပါတယ်။

ဦးသက်ပိုင်စိုးကို စစ်ကောင်စီက ဝါဒဖြန့်ချိရေးနေရာတွေမှာ အသုံးချပြီးနောက် ၇ လလောက် အကြာ ငပုတောမြို့မရဲစခန်းမှာ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံရပါတယ်။

ဒီနောက် အမှုဖျက်သိမ်းဖို့အတွက် ဝန်ခံလက်မှတ် လာရောက်ထိုးပေးဖို့ ရဲစခန်းက ခေါ်ယူတာကို သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရပြီး  အခုလို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024