ဂျပန်နိုင်ငံ၊ အီရှိကာဝါစီရင်စုအနီးမှာ ဇန်နဝါရီ ၁ ရက် ဒီနေ့ ညနေ ၄ နာရီ ၁၀ မိနစ်က ရစ်ချ်တာ စကေး ၇ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။
နောက်ဆက်တွဲငလျင်တွေလှုပ်နေပြီး အီရှိကာဝါစီရင်စုရှိ ကမ်းရိုးတန်း နာတိုဧရိယာမှာ နေထိုင်သူတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ကုန်းမြေမြင့်တွေကို ရွှေ့ပြောင်းဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
အီရှိကာဝါခရိုင် ခါနာဇာဝါမြို့မှ မြန်မာကျောင်းသား ကိုအောင်ကိုဦးက “လှုပ်တာ ၂ နာရီရှိပြီ ဖြစ်တယ်၊ အခုညနေ ၆ နာရီကျော်တောင် ဆက်လှုပ်နေတုန်းပါခင်ဗျ။ ကျနော်တို့မြန်မာတွေ ၂၅ ဦးလောက်ရှိပါတယ်။ ဆရာ ဆရာမတွေက ရှောင်ဖို့လာမပြောသေးဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆူနာမိသတိပေးချက်ကြောင့် တချို့ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ တိုယမခရိုင် အုအိုဇုမှ မြန်မာကျောင်းသူတဦးဖြစ်တဲ့ မခင်မြတ်သူက ပြောပါတယ်။
“ရုတ်တရက်ငလျင်လှုပ် ဆူနာမီသတိပေးလို့ အမြန်ဆုံးတောင်ပေါ်ကို ပြေးခဲ့ရတာပါ။ အခုတောင်ပေါ်မှာ။ လောလောဆယ် ရထားတွေနဲ့ ကားလမ်းတချို့ အားလုံးရပ်သွား ပြီးဘေးကင်းမှ ပြန်မယ်။”
ငလျင်ဒဏ်ကြောင့် လမ်းအချို့ အက်ကြောင်းကွဲကာ တချို့ဒေသတွေမှာ ရေ၊ မီးနဲ့ ဂက်စ် ပြတ်တောက်နေတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။
ကန်ဆိုင်းလျှပ်စစ်ကုမ္ပဏီက ပို့စ်တခုတင်ခဲ့ပြီး ဒေသတွင်းရှိ သူတို့ရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေမှာ ပုံစံမမှန်တဲ့ သတင်းတွေ မတွေ့ရှိရကြောင်း ပြောကြားခဲ့ပါတယ်။
အနီးအနားရှိ နီဂါတာစီရင်စုနဲ့ တိုယမစီရင်စုတွေမှာလည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပြီး လှိုင်း ၃ မီတာအထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၁၁ ခု ဖူကူရှီမာ ငလျင်နဲ့ ဆူနာမီကြောင့် စုစုပေါင်း လူ ၁၈,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပါတယ်။