၂၀၂၄ နှစ်သစ်ကို အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အမေရိကနဲ့ ကမ္ဘာတဝန်းက မြို့တွေ အသီးသီးမှာ ဒေသစံတော်ချိန်အလိုက် မီးရှူးမီးပန်းတွေ ပစ်ဖောက်ရင်း အသီးသီး ကြိုဆိုခဲ့ကြပါတယ်။
နယူးယောက်ခ်၊ တိုရန်တို၊ ဆစ်ဒနီ၊ တိုကျို၊ ဆိုးလ်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ မနီလာ၊ လန်ဒန်၊ ပါရီ၊ ဘာလင်၊ အေသင်၊ ဒူဘိုင်း စတဲ့ အထင်ကရ မြို့တွေမှာ ဒီဇင်ဘာ ၃၁ ရက်ညက ရောင်စုံမီးတွေနဲ့ မီးရှူးမီးပန်းတွေကို ပုံစံမျိုးစုံနဲ့ မြင်တွေ့ရပါတယ်။
ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဗစ်တိုးရီးယားဆိပ်ကမ်း၊ ဟောင်ကောင်ညီလာခံနဲ့ ကုန်စည်ပြပွဲခန်းမ (HKCEC) ရဲ့ မျက်နှာစာမှာ နာရီအကြီးကြီးကို ဆင်ယင်ထားပြီး မီးပန်းကို ၁၂ မိနစ်ကြာ ပစ်ဖောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ဟောင်ကောင်မှာ ဒီနေ့ထိ နှစ်သစ်ကူးအကြိုညမှာ အကြီးဆုံး မီးပန်းပစ်ဖောက်တဲ့ပွဲ ဖြစ်တယ်လို့ ဟောင်ကောင် ခရီးသွားလုပ်ငန်းဗျူရိုက ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်က ကျောက်ဖယားမြစ်မှာ လည်း မီးရှူးမီးပန်းတွေကို ၁၂ မိနစ်ကြာ ပစ်ဖောက်ရင်း ၂၀၂၄ နှစ်သစ်ခေါင်းလောင်းထိုးခဲ့ပါတယ်။
ဘန်ကောက်ရဲ့ အကြီးဆုံး ကုန်တိုက်တန်းတွေရှိရာ အိုင်ကွန်စီယံမှာ နှစ်သစ်ကူးပွဲကို ကျင်းပခဲ့တာပါ။
ဒီနှစ်အတွက် အာဘော်အနေနဲ့ ထိုင်းနိုင်ငံနဲ့ လူမျိုးကို အသိမြှင့်တင်ဖို့ အသည်းပုံ ထိုင်းအလံ၊ ထိုင်းတော်ဝင်ဖောင်တော်နဲ့ နှစ်သစ်ရောက်ချိန်အတွက် တစက္ကန့်ချင်း ရေတွက်တဲ့ ပုံရိပ်တွေကို ဒရုန်းယာဉ်တွေနဲ့ ၉ မိနစ်ကြာ ပုံဖော် ပြသပါတယ်။
မြစ်တဖက်ကမ်းက တော်ဝင်နန်းတော်ကနေ ပစ်ဖောက်တဲ့ မီးရှူးမီးပန်းပြပွဲကိုလည်း ဘန်ကောက်ရဲ့ တခြားအစိတ်အပိုင်းတွေကနေ ကြည့်မြင်နိုင်ခဲ့ပါတယ်။
ပြင်သစ်မြို့တော် ပါရီက ရှောင်ဇေလီဇေ လမ်းမကြီးပေါ်မှာလည်း ရာထောင်ချီတဲ့လူတွေက နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံသားတွေဟာ ပါရီ အိုလံပစ်ပွဲတော် ကျင်းပမယ့်နှစ်ဖြစ်တဲ့ ဒီနှစ်အတွက် ကြီးကျယ်ခမ်းနားတဲ့ အထိမ်းအမှတ်အနေနဲ့ အောင်ပွဲမုခ်ဦးပေါ်ကနေ ရိုးရာအတိုင်း မီးပန်းပြပွဲကို ခင်းကျင်းပြသခဲ့ပါတယ်။
ပွဲစဉ်တွေကို ဘေးကင်းကင်း ဆင်နွှဲနိုင်ဖို့ နိုင်ငံတဝန်း ရဲအယောက် ၉၀,၀၀၀ ကို လုံခြုံရေး တာဝန်ချထားပြီး ပါရီမြို့တော်မှာတော့ ရဲအယောက် ၆,၀၀၀ တာဝန်ချထားခဲ့တာပါ။
အကြမ်းဖက်လုပ်ရပ်တွေကို ဖြေရှင်းဖို့ ဖွဲ့ထားတဲ့ စန်တီနဲလ်တပ်ဖွဲ့က စစ်သည်အင်အား ၅,၀၀၀ ကိုလည်း တာဝန်ချထားတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု UAE ကလည်း ဒူဘိုင်းမြို့က ကမ္ဘာ့အမြင့်ဆုံး မျှော်စင်ဖြစ်တဲ့ ဘာ့ဂျ်ခါလီဖာ မျှော်စင်ပေါ်ကနေ မီးပန်းတွေပစ်ဖောက်ရင်း နှစ်သစ်ကူး အကြိုညကို ဖြတ်သန်းကြိုဆိုခဲ့ပါတယ်။
ထောင်သောင်းချီနေတဲ့ ပွဲကြည့်သူတွေဟာ ရပ် ဆယ်လ် ခေမာ စော်ဘွားအုပ်ချုပ်ရာ နယ်မြေထဲမှာ ကျင်းပတဲ့ မီးပန်းပြပွဲကို ကြည့်ရှုခဲ့ကြပါတယ်။
Source/Photo-Reuters