Home
မြန်မာသတင်း
အာဏာသိမ်း ၃ နှစ်ခန့်အတွင်း စစ်အုပ်စုက ကလေးသူငယ် ၅၀၀ ကျော်ကို သတ်ဖြတ်
DVB
·
January 1, 2024
AAPP report_01012024

စစ်တပ်အာဏာသိမ်း ၃ နှစ်နီးပါးအတွင်း စစ်တပ်က အပြစ်မဲ့ပြည်သူ အယောက် ၄,၂၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲက ၁၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်တဲ့ ၅၀၅ ယောက်က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံး အချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၇၀၅ ယောက်နဲ့ ၁၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁,၅၄၇ ယောက်နဲ့ ၃၆ ဒသမ ၂ ရာခိုင်နှုန်းလောက်ထိ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျဆုံးပြည်သူစာရင်းတွေကို ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းက အယောက် ၂,၀၀၀ နီးပါးနဲ့ ရာခိုင်နှုန်း ၅၀ နီးပါး ပါဝင်နေတယ်လို့ သိရပြီး အဲဒီနောက်မှာတော့ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတွေက ကျဆုံးပြည်သူဦးရေ အများဆုံးရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေး ၃ နှစ်နီးပါး ကာလတွေအတွင်း စုစုပေါင်း ပြည်သူ ၂၅,၆၅၆ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၉,၈၅၈ ယောက်ကတော့ လက်ရှိအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေ ၅,၁၅၀ ယောက်နဲ့ ၂၀ ရာခိုင်နှုန်းကျော်ထိ ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၇၀၆ ယောက်နဲ့ ၃ ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေ အပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် မြန်မာပြည်သူ ၂ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024