တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်ယံ နှစ်သစ်ကူးချိန်မှာ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်လိုက်တာကြောင့် ကျေးရွာထဲက နေအိမ် ၂ လုံးမှာ လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကပါတယ်။
ဒေသခံတဦးက “ည ၁၂ နာရီအတိမှာ ပစ်တာပါ။ အိမ် ၂ ဆောင်ထိတယ်။ တောင်ကုန်းဘက်ကို လက်နက်ကြီးကျတာ၊ အဲ့ဘက်က အိမ်တွေထိတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီက လက်နက်ကြီးတွေ မပစ်ခင်မှာ PDF တွေက အဆိုပါ ၅၆၁ တပ်ရင်းကို သေနတ်တွေနဲ့ အရင်သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။
“PDF တွေက Happy New Year လို့အော်ပြီးသွားပစ်တာပါ။ ခဏကြာမှ ၅၆၁ တပ်ကနေ လက်နက်ကြီးတွေပစ်တာပါ။ ၁၂ မထိုးခင် သုံးလေးချက်အရင်ပစ်တယ်။ ၁၂ နာရီအတိမှာ အချက်ပေါင်းမနည်းဘူး၊ တချီတည်းပစ်တာပါ။”
လက်နက်ကြီး ပစ်ခတ်ချိန် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုးတွေတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတာကြောင့် တနင်္သာရီမြို့နယ်က ကျေးရွာတွေမှာ နေအိမ်ထိခိုက်ပျက်စီးတာနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။