ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီ ၁ ရက် မနက်က ပြည်သူ ၁၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့ မင်ဒြားချိတ်ရွာဟောင်းမှာ ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်လောက်က စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ALP အဖွဲ့ဝင် အင်အား ၄၀ လောက် ကား ၉ စီးနဲ့ ရောက်လာပြီး ပြည်သူ ၁၂ ယောက်ကို ဖမ်းဆီးသွားကြတာလို့ စစ်တွေဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ မင်းဒြားချိတ်ရွာဟောင်းက အသက် ၃၈ နှစ်အရွယ် ဦးခင်မောင်ဦး၊ အသက် ၆၂ နှစ်အရွယ် ဦးမောင်ဘုချေ၊ အသက် ၂၈ နှစ်အရွယ် ကိုစောအောင်သိန်း၊ အသက် ၃၃ နှစ်အရွယ် ကိုဂျပန်၊ အသက် ၁၉ နှစ်အရွယ် မစောဘုချေ၊ အသက် ၂၈ နှစ်အရွယ် မဆန်းနွယ်ဝင်းနဲ့ ကားနဲ့အုပ်လာတင်တဲ့ မွတ်ဆလင်လူမျိုး ၆ ယောက်ကို ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
စစ်တွေဒေသခံက “သူတို့က ကားတွေနဲ့ရောက်လာပြီး နေအိမ်တွေကို ဝင်ရောက်ကာ အိမ်ထဲမှာ ပုန်းခိုတွင်းတွေရှိမရှိ စစ်ဆေးတယ်။ ဧည့်စာရင်းစစ်ဆေးတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးကြတယ်။ နောက်ပြီး ဘေးတွဲဆိုင်ကယ်မောင်းလာတဲ့ သူတယောက်ကို ရိုက်နှက်ဖမ်းဆီးပြီး ဘေးတွဲကိုတော့ စစ်သားတယောက်က မောင်းသွားတယ်။ ဖမ်းဆီးခံရတဲ့သူ ၁၂ ယောက်လုံးကိုတော့ စစ်တွေမြို့မရဲစခန်းဘက်ကို ခေါ်သွားကြတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဒေသခံပြည်သူ ၂၅၀ ကျော်လောက်ကို အေအေနဲ့ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။