ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁ ရက်နေ့ ညမှာ မြောက်ဦးအခြေစိုက် ရဲတပ်ရင်း ၃၁ က ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့ ရွှေဂူတောင်ရပ်ကွက်ကို ဇန်နဝါရီ ၁ ရက် ည ၇ နာရီ၊ မိနစ် ၄၀ မှာ မြောက်ဦးအခြေစိုက် ရဲတပ်ရင်း ၃၁က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွှေဂူတောင်ရွာ အလည် မရောက်ခင် နေအိမ်တအိမ်မှာ ကျရောက်ပေါက်ကွဲက အမျိုးသမီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ဒေသခံတယောက်က ဒီဗွီဘီ ကို ပြောပါတယ်။
သေဆုံးခဲ့တဲ့သူကတော့ အသက် ၅၀ အရွယ် ဒေါ်ဦးသိန်းနုဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ကိုမင်းသိန်းစိုး၊ အသက် ၄၀ အရွယ်ဦးဝင်းဌေး၊ အသက် ၅၈ နှစ်အရွယ် ဦးဝင်းမြင့်အောင်၊ အသက် ၅၀ အရွယ် ဦးငဖြူအောင်နဲ့ အသက် ၂၂ နှစ်အရွယ် မလှငြိမ်းဝင်းတို့မှာ လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာတွေရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်ဟာ ရွှေဂူတောင်ရပ်ကွက်က လမ်းပေါ်မှာကျရောက်ပေါက်ကွဲကာ ၄ လက်မအုတ်နံရံကို ဖောက်ထွက်သွားပြီး နောက်ထပ်ဝါးထရံကာ သွပ်မိုးအိမ်ရဲ့ ခေါင်မိုးတွေ တန်းတွေအားလုံး ပွင့်ထွက်သွားတယ်လို့ ပြောပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်ကနေ ဇန်နဝါရီ ၁ ရက် ညအထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၁၉ ယောက်သေဆုံးကာ ၃၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်ပြင်ဆိပ်ရွာမှာ ဇန်နဝါရီ ၁ ရက် ညနေ ၃ နာရီက ဒေသခံတဦး မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက် ဒူးဆစ်နားက ပြတ်ထွက်ကာ အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ပြင်ဆိပ်ရွာ ဘုန်ကြီးကျောင်းနားမှာ နွားကျောင်းနေသူ အသက် ၅၇ နှစ်အရွည် ဦးဖိုးလှ(ခ) ဘတင်ဝင်းဟာ မြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပြီး ရသေ့တောင်မြို့နယ်ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ ကျောက်ပြင်ဆိပ်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
“သူက နားလည်း သိပ်မကြားဘူး။ ဘုန်းကြီးကျောင်းနားမှာ နွားသွားဆွဲတဲ့အချိန် စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ပေါက်ကွဲမှုဖြစ်ကာ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားတာ။”
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့မှာ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါပစ်ခတ်ခဲ့လို့ ဒေသခံ ၅၀ ကျော် လောက် သေဆုံးကာ ၁၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။