၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပဖို့အတွက် ဇန်နဝါရီ ၂ ရက်ကနေ ၄ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းကို ယာယီပိတ်ထားမှာကြောင့် အငှားတက္ကစီယာဥ်မောင်းတွေ အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂ ရက် မနက် ၄ နာရီကစပြီး ပြည်သူ့ရင်ပြင်မှာ လွတ်လပ်ရေးနေ့ အခမ်းအနား အစမ်းလေ့ကျင့်မှာဖြစ်ပြီး ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကိုတော့ ဇန်နဝါရီ ၄ ရက် မနက် ၄ နာရီမှာ ကျင်းပမှာဖြစ်လို့ အခမ်းအနား ကျင်းပနေစဉ်အတွင်း ပြည်လမ်းကို ခေတ္တပိတ်ထားမှာဖြစ်တယ်လို့ စစ်ကောင်စီ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။
စီးတီးတက္ကစီ အငှားယာဥ်မောင်းတဦးက “လမ်းပိတ်တာက နှစ်တိုင်းပိတ်နေကြဆိုပေမဲ့ ဒီနှစ်မှာပိတ်ထားတာက ကျနော်တို့လို တက္ကစီသမားတွေအတွက်တော့ အခက်တွေ့စေတာပေါ့။ ဓာတ်ဆီစျေးတွေကလည်း တက်နေတော့ လိုရာခရီးကို တိုက်ရိုက်သွားလို့မရဘဲ ကွေ့ကောက်ပတ်ပြီးသွားရတဲ့အခါ ကားငှားစီးတဲ့သူတွေကို ပိုက်ဆံပိုတောင်းရင်လည်း ဘယ်သူမှ ငှားကြတော့မှာ မဟုတ်ဘူးလေ။ မနက်ကလည်း ပြည်လမ်းဘက်ကိုသွားဖို့ တက္ကစီလာငှားတဲ့သူနဲ့ စျေးမကိုက်လို့ မလိုက်ရဘူး” လို့ ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂ ရက်ကစပြီး ပြည်လမ်းအတိုင်း မြောက်မှတောင်ကို မောင်းနှင်သွားလာမယ့် ယာဉ်တွေအနေနဲ့ မြေနီကုန်းမီးပွိုင့်မှ ညာဘက်ကိုချိုးကွေ့ပြီး အောက်ကြည့်မြင်တိုင်လမ်းကို မောင်းနှင်ကြဖို့ အသိပေးထားပါတယ်။
ပြည်လမ်းအတိုင်း တောင်မှမြောက်ကို မောင်းနှင်ကြတဲ့ ယာဉ်တွေကို ပြည်ထောင်စု ရိပ်သာလမ်းဘက်ကို ချိုးကွေ့ပြီး ဗဟိုလမ်း၊ အလုံလမ်းကတဆင့် အောက်ကြည့်မြင်တိုင်လမ်းကို ဆက်လက်မောင်းနှင်ကြဖို့ အသိပေးထားပါတယ်။