ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မူဟမ်မဒ်ယူနွတ်စ်ကို ဇန်နဝါရီ ၁ ရက်မှာ ဘင်္ဂလားဒေ့ရှ် တရားရုံးတခုက အလုပ်သမားဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
သူ့ကို ထောက်ခံအားပေးသူတွေကတော့ တိုင်ကြားထားတဲ့အမှုဟာ နိုင်ငံရေးအရ အကွက်ရွှေ့တာလို့ အခိုင်အမာ ပြောကြပါတယ်။
အသက် ၈၃ နှစ်အရွယ် ယူနွတ်နဲ့ သူ့ရဲ့ ဂရမ်မီဘဏ်တို့ဟာ သန်းပေါင်းများစွာသော ပြည်သူတွေ ဆင်းရဲတွင်းကနေ လွတ်မြောက်စေဖို့ လုပ်ဆောင်ချက်အတွက် ၂၀၀၆ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရခဲ့ပါတယ်။
ယူနွတ်နဲ့ သူ့ဘဏ်တို့ဟာ ဘင်္ဂလားဒေ့ရှ် ကျေးလက်က ဆင်းရဲသားတွေကို ဒေါ်လာ ၁၀၀ အောက် ချေးငွေတွေ ထုတ်ပေးပြီး မိုက်ခရိုခရက်ဒစ်လို့ လူသိများတဲ့ အသေးစားချေးငွေလုပ်ငန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ရှေ့ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ယူနွတ်ဟာ ဆင်းရဲသားတွေဆီကနေ သွေးစုပ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
တချိန်က ဟာစီနာရဲ့ အဝါမီလိဂ်ပါတီကို ယှဉ်ပြိုင်ရေး နိုင်ငံရေးပါတီတခု ထူထောင်ဖို့ စဉ်းစားထားလို့ အစိုးရက သူ့ကို အသရေဖျက်ဖို့ ကြိုးပမ်းနေတယ်လို့ သူ့ကို ထောက်ခံသူတွေက ပြောပါတယ်။
ယူနွတ်နဲ့ သူတည်ထောင်ထားတဲ့ ဂရမ်မီ တယ်လီကွန်ကုမ္ပဏီက အလုပ်သမားသုံးဦးကို အလုပ်သမားဥပဒေ ချိုးဖောက်မှုနဲ့ တနင်္လာနေ့က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူတွေက တင်သွင်းတဲ့ အသနားခံစာတွေကို တုံ့ပြန်တဲ့အနေနဲ့ တရားရုံးက ဖြစ်နိုင်ခြေရှိတဲ့ အယူခံမှုကို ဆိုင်းငံ့ထားပြီး အာမခံပေးခဲ့ပါတယ်။
ယူနွတ်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ခါဂျာ တန်ဗီယာက ဒီကိစ္စဟာ ယူနွတ်ကို နှောင့်ယှက်ဖို့ နိုင်ငံရေးအရ လှုံ့ဆော် ပစ်မှတ်ထားတာပဲလို့ ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲမှာ စတုတ္ထသက်တမ်းအတွက် ဆက်အုပ်ချုပ်ဖို့ ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ အစိုးရဟာ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကို ပစ်မှတ်ထားနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။
Source/Photo-Reuters