စစ်ကောင်စီတပ်ဟာ လောက်ကိုင်ဒေသ၊ တာရွှေထန်ကို အဆိပ်သင့်ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၁၀ ယောက် အဆိပ်သင့်ပြီး ကလေးငယ် ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိပ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့နေရာက ဒေသခံတွေကို MNDAA က သွားရောက်ကယ်ဆယ် ခေါ်ဆောင်ခဲ့ပြီး အဲဒီကထွက်မလာခင် သေဆုံးသွားတဲ့ ကလေးငယ်တွေကို သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဒေသခံတယောက်က MNDAA ထုတ်ပြန်ထားတဲ့ ဗွီဒီယိုမှာ ပြောဆိုထားပါတယ်။
“အငွေ့တွေဝင်လာတော့ ကြောက်ပြီး တံခါးပိတ်လိုက်တာ။ ပိတ်ပြီးတော့ ၅ မိနစ်လောက်နေတော့ မူးတယ် မူးတယ်ဆိုပြီး အကုန်လုံးလဲကုန်တာ၊ သတိမရတော့ဘူ်၊ မနက်ကျမှ သတိရတယ်။ ကလေး ၂ ယောက်က ဆုံးသွားတယ်။ ဆရာတို့အဖွဲ့ လာကြိုခါနီးကျမှ သင်္ဂြိုဟ်ခဲ့ရတယ်။ ၁၄ နှစ်တယောက်၊ ၃ နှစ်တယောက်။”
အဲဒီဗုံးက အငွေ့ကို ရှူပြီးနောက်မှာ မူးဝေတာ၊ အန်တာတွေဖြစ်ပြီး သူဆိုရင် နားထဲက သွေးပါထွက်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
နောက်ထပ် ဒေသခံအမျိုးသမီးတယောက်ကလည်း ဖြစ်ကာစ သတိရှိနေတုန်းမှာ ခြေတွေလက်တွေ မသယ်နိုင်တော့ဘဲ အားယူထကြည့်ပေမဲ့ ပစ်လဲသွားတယ်လို့ ပြောထားပါတယ်။
အန်တာ၊ အသက်ရှူကြပ်တာနဲ့ ရင်ဘတ်အောင့်တာတို့လည်း ဖြစ်ကြပြီး တချို့ကတော့ ဝမ်းလျှောတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ သိန္နီမြို့နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်တို့မှာ ဓာတုဗုံးနဲ့ တိုက်ခိုက်တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေက ပြောဆိုထားသလို ချင်းပြည်နယ်မှာလည်း ဓာတုဗုံး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။