ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး - နမ္မတူ လမ်းမပေါ်ရှိ အီနိုင်းတံတား ဒီဇင်ဘာ ၃၁ ရက်ညက မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် ကျိုးကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"မနေ့ည ၉ နာရီမှာ တကြိမ်၊ ၁၁ နာရီမှာ တကြိမ်၊ ဒီမနက် ၁ နာရီမှာ တကြိမ်၊ ၃ နာရီမှာ တကြိမ် ပေါက်ကွဲသံကြားတယ်။ ဘယ်တလုံးနဲ့ ကျိုးသွားလဲ မသိဘူး။ အတော်ဆိုးသွားပြီ။ လားရှိုးလည်း လာလို့ မရတော့ဘူး။ အစားအသောက်တွေလည်း သယ်စားလို့ မရတော့ဘူး။ တံတား အောက်မှာ တံတားတလုံးစာ မိုင်းကြီးတလုံး ကပ်ထားတာကြာပြီ။ ပလောင်ကတော့ မဖြစ်နိုင်ဘူး။ စစ်တပ်ကပဲ ဖြစ်နိုင်တယ်" လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဒေသခံ ပြည်သူတွေအတွက် အဓိက သွားလာရတဲ့ လမ်းမပေါ်က တံတား ကျိုးသွားတာကြောင့် သွားလာရေး အတော်ခက်ခဲနေပြီလို့ ဆိုပါတယ်။
"အီနိုင်းတံတား မနေ့ညက ကျိုးသွားတယ်လို့ ပြောတယ်ဗျာ။ ဒီမနက် အသိတယောက် သွားကြည့်ပြီး ပုံတွေ ရိုက်ပို့လာပေးတာ" လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။
မူဆယ် - မန္တေလး ပြည်ထောင်စု လမ်းမကြီးကနေလည်း သွားလာလို့ မရတော့တဲ့အပြင် အခုလို ကွေ့ပတ်သွားလို့ရတဲ့ လမ်းမပေါ်က တံတားတွေပါ ကျိုးသွားတော့ ဘာမှလုပ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်မှာတော့ လမ်းတံတားတွေ အကုန်ဖျက်ဆီးနေပုံ ထောက်ရင် ကိုးကန့်နဲ့ ပလောင်က ဒီပွဲကိုအပိုင်တွက်ထားပုံရတယ်လို့ ရေးသားထားပါတယ်။
မြောက်ပိုင်း မဟာမိတ်ညီနောင် ပူးပေါင်းအဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က ကွမ်လုံ - ဟိုပန် ဖောင်ဆိပ် နမ့်တိန်ချောင်းတံတား၊ အောက်တိုဘာ ၃၀ ရက်က သိန္နီ - လားရှိး လမ်းမေပါ်က နမ္မတူချောင်း တံတား၊ နိုဝင်ဘာ ၁၂ ရက်က သီပေါ - ကျောက်မဲလမ်းပေါ်က ကျင်သီတံတား၊ ဒီဇင်ဘာ ၂၈ ရက်က နမ္မတူ - သီပေါကြားက မိုးတေတံတားတို့ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး နိုဝင်ဘာ ၁၂ ရက်နေ့မှာပဲ နှစ်ပေါင်း ၆၀ နီးပါးသက်တမ်းရှိ သမိုင်းဝင်ကွမ်းလုံကြိုးတံတား Drop ဗုံးကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။