Home
မြန်မာသတင်း
တောင်ပြိုလက်ဝဲမြို့သို့ စစ်ကောင်စီတပ်က လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာ ရေလမ်းမှပို့ဆောင်
DVB
·
January 1, 2024
mili 112024

ရခိုင်ပြည်နယ်၊ အနောက်မြောက် အစွန်ဆုံးဖြစ်တဲ့ တောင်ပြိုလက်ဝဲမြို့ဆီကို စစ်ကောင်စီက လက်နက်ခဲယမ်းနဲ့  စားရိက္ခာတွေ ရေလမ်းကနေ လျှို့ဝှက် ပို့ဆောင်နေတယ်လို့  မျက်မြင် ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံတဦးက "ဒီနေ့မှာလည်း နေဗီကရောက်လာတဲ့ လက်နက်ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေကို တင်ပို့နေတယ်။ မနေ့က ညကလည်း စက်လှေတွေနဲ့ တညလုံး တင်ပို့ခဲ့ကြတယ်။ မြို့ပေါ်က စက်လှေသံ တွေ တစ်ညလုံးကြားနေရတယ်"လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က မောင်တော -အငူမော်ကားလမ်းပေါ်ရှိ ဒုံးပိုက်နယ်ခြားစောင့်စခန်းကို အေအေက တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက်ပိုင်း ရခိုငနဲ့ ပလက်ဝနယ်က စခန်းတွေကို  ဆက်တိုက်သိမ်းပိုက်နေတာပါ။

ဒေသခံတဦးက "မောင်တောမြောက်ပိုင်းကို စစ်ကောင်စီက လက်နက်နဲ့ စားနပ်ရိက္ခာတွေ ကုန်းလမ်းက လုံးဝတင်ပို့လို့မရတော့ဘူးလေ။ လမ်းတချို့ကို အေအေက လွှမ်းမိုးပိတ်ဆိုထားပြီ။ စစ်ကောင်စီက ကုန်းလမ်းက အဆင်မပြေတော့ ရေလမ်းကို အသုံးချပြီးတင်ပို့နေကြရတာ”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ မြောက်ဦးမြို့နယ်၊ မြောင်းဘွေရဲစခန်းကို အေအေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို ဒီဇင်ဘာလ ၂၄ ရက်ကလည်း ငွေတောင်ပေါက်တံတားအနီးရှိ ရဲစခန်နဲ့ သူတော်မတောင်ကုန်းစခန်းကို အေအေက  ဝင်တိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို အေအေက ထပ်မံသိမ်းပိုက်လာနိုင်တာကို ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်တဲ့အနေနဲ့  စစ်ကောင်စီက တောင်ပြိုလက်ဝဲကို လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ တင်ပို့ နေကြရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024