အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တည်ရှိရာ မန္တလေးနန်းတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့ ရှော့တိုက်ဒုန်းတွေ ဆင်ထားပြီးဖြစ်တဲ့အတွက် နန်းတွင်းမှာ နေထိုင်တဲ့ စစ်အုပ်စုနဲ့ မိသားစုဝင်တွေ ၄၈ နာရီအတွင်း နန်းတွင်းကနေ ထွက်ခွာဖို့ မန္တလေးမြို့ပြ ယူဂျီတွေက သတိပေးထားပါတယ်။
ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီခွဲက ကျုံးအတွင်းသို့ တာဝေးပစ် ၁၀၇ မမ ၁ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၄၈ နာရီအတွင်း ထွက်ခွာကြဖို့ကိုပါ သတိပေးထားတာလို့ No More Dictatorship People Defence Force_ NMD ထံက သိရပါတယ်။
စစ်အုပ်စုဟာ ကျုံးနံဘေးမှာ နှစ်သစ်ကူးည အခမ်းအနားကျင်းပနေပြီး ရှော့တိုက်ဒုန်းပစ်ခတ်မှုဟာ ဘယ်နေရာကို ကျရောက်ထိမှန်ခဲ့လဲဆိုတာနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်တဲ့ အခြေအနေတွေ ကိုတော့ ပြောမပြနိုင်သေးဘူးလို့ NMD ရဲ့ တာဝန်ခံ ချာလီက ပြောပါတယ်။
စစ်အုပ်စုကတော့ နှစ်သစ်ကူးပွဲကို ည ၁၂ နာရီကျော်တဲ့အထိ ဆက်လက်ကျင်းပခဲ့တယ်လို့လည်း အဆိုပါနေရာကိုသွားရောက်ခဲ့တဲ့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။
နှစ်သစ်ကူးပွဲကျင်းပရာ နေရာတဝိုက်မှာ စစ်အုပ်စုဟာ လုံခြုံရေး တင်းကျပ်ထားသလို လာရောက် လည်ပတ်သူတွေကိုလည်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ခံတစ်ဦးက"ကျုံးတဝိုက်ကနေ လမ်းသုံးဆယ်လောက်ထိ လမ်းထောင့်တိုင်း ရဲနဲ့စစ်သား တွေ ချထားပြီးတော့ လုံခြုံရေးတင်းကျပ်တယ်။ အဝင်ပေါက်မှာလည်း စစ်ဆေးပြီးမှ ဝင်ခွင့် ပေးတယ်။ မုန့်ဈေးတန်းတွေမှာ မြန်မာဘီယာတွေလည်း ရောင်းနေတာ။ လာတဲ့သူလည်း များတယ် "လို့ ပြောပါတယ်။
တော်လှန် နှစ်သစ် အမည်နဲ့ ဒီ တိုက်ခိုက်မှုကိုတော့ မန္တလေးမြို့ပြ ယူဂျီအဖွဲ့တွေဖြစ်တဲ့ No More Dictatorship People Defence Force_ NMD နဲ့ Security & Special Task Force ( SSTF-MDY) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်ကလည်း တော်လှန်ရေးအင်အားစုတွေက နန်းတွင်းကို ရှော့တိုက်ဒုန်း ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။