ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်တောင်ကျော်လမ်းရှိ စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော် (အေအေ)က ထိုးစစ်ဆင်ပြီး ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၂ နာရီကျော်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
စေတီပြင်ကျေးရွာသားတဦးက "နေ့လယ် ၂ နာရီကျော်လောက်မှာသိမ်းပိုက်လိုက်တာလို့ သိရတယ်။ စခန်းမှာက လူအင်အားက နည်းတယ်။ အစကတည်းက မတိုက်ဘဲ ထားထားတဲ့ စခန်းပါ။ သူတို့က တာဝန်အရနေ နေကြရတာ။ အဲဒီစခန်းပြီးရင် မေယုကမ်းမှာ စေတီပြင် ကျေးရွာထဲက နယ်ခြားစောင့်စခန်း တခုပဲ ကျန်တောတယ်"လို့ ပြောပါတယ်။
ရသေ့တောင်မြို့နယ် အနောက်ဘက်၊ မေယုကမ်း စေတီပြင်-ကျောက်ပန်းဒူ တောင်ကျော်လမ်းရှိ စေတီတောင်မှာ စခန်းချနေတဲ့ စစ်ကောင်စီစခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက် လိုက်တာဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရပါဘူး။
၂၀၂၀ ပြည့်နှစ်ကလည်း သဇင်မြိုင်ကျေးရွာနားက နယ်ခြားစောင့် စခန်းကို ရက္ခိုင်တပ်တော် အေအေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အခုကတော့ စေတီပြင်ဝင်ဝက စေတီ တောင်စစ်တပ်စခန်းကို အပြီးသိမ်းယူလိုက်တာ ဖြစ်ပါတယ်။