ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတို့ “ပြန်လည်ပေါင်းစည်းရေး” ဟာ ရှောင်လွှဲလို့ မရနိုင်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်သစ်ကူး မိန့်ခွန်းအတွင် ဒီဇင်ဘာ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်က သူပိုင်တယ်လို့ အခိုင်အမာ ပြောထားတဲ့ ထိုင်ဝမ်ကျွန်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းနှစ်ပတ်တောင် မလိုတော့တဲ့ အချိန်မှာ မနှစ်ကထက် ပိုပြင်းတဲ့ လေသံကို ထုတ်ပြောလိုက် တာ ဖြစ်ပါတယ်။
ထိုင်ဝမ်ရေလက်ကြား တဖက်တချက်က လူတွေဟာ “တအိမ်တည်းနေတဲ့ မိသားစုဝင်တွေသာ ဖြစ်တယ်”လို့ ရှီက မနှစ်က ပြောခဲ့ပြီး “နှစ်ဖက်စလုံးက လူတွေဟာ တရုတ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲ သာယာဝပြောရေးကို အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်ရဲ့ "မြင့်မြတ်တဲ့နယ်မြေ"အဖြစ် တရုတ်က ယူဆထားပြီး တရုတ် ထိန်းချုပ်မှု အောက် ပြန်ရောက်ဖို့ အင်အားသုံးမယ့်အရေးကို ဘယ်တုန်းကမှ မစွန့်လွှတ်ထားပါဘူး။
ဒါပေမဲ့ ရှီက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြောတဲ့မိန့်ခွန်းထဲမှာ စစ်ရေးခြိမ်းခြောက်တာတွေကို မဖော်ပြခဲ့ပါဘူး။
တရုတ်နိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ စီးပွားရေး ပြန်ဦးမော့လာတဲ့ အပြုသဘောဆောင်တဲ့ လမ်းကြောင်းကို စုစည်း မြှင့်တင်သွားမှာဖြစ်ပြီး ပိုနက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲ မှုတွေနဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တည်တံ့အောင် လုပ်မယ်လို့ ရှီက ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ထိုင်ဝမ် သမ္မတလောင်း ကိုယ်စားလှယ်တဦးကတော့ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးဟာ ပြည်သူတွေပိုင်တာလို့ ဒီဇင်ဘာ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေနဲ့ ထိုင်ဝမ်ရေလက်ကြားက တင်းမာမှုတွေ လွှမ်းမိုးနေတဲ့ တခြားကိုယ်စားလှယ်လောင်းနှစ်ယောက်နဲ့ အခြေအတင်စကားစစ်ထိုးပွဲမှာ ခုလို ပြောလိုက်တာပါ။
ထိုင်ဝမ်မှာ သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပမှာပါ။
တရုတ်က ထိုင်ဝမ် ရေလက်ကြားအတွင်း စစ်လေယာဉ်တွေ ပုံမှန်လွှတ်တာ အပါအဝင် ကျွန်းရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာတောင်းဆိုရင်း စစ်ရေးနဲ့ နိုင်ငံရေးအရ ဖိအားတွေ တိုးလာနေပါတယ်။
လက်ရှိ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ရဲ့ သဘောထားစစ်တမ်းတွေအရ ရွေးကောက်ပွဲကို ဦးဆောင်နေတဲ့ သမ္မတလောင်းနဲ့ လက်ရှိ ဒုတိယသမ္မတ လိုင်ချင်းတဲ့က သူ့ရဲ့ ကမ်းလှမ်းချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတုန်းပဲ လို့ ရွေးကောက်ပွဲအကြို ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ထပ်ပြောခဲ့ပါတယ်။
သူဟာ အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားလို့ ယုံကြည်တယ်လို့ တရုတ်အစိုးရက ပြောထားပါတယ်။
ကူမင်တန်ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ဟို့ယိက လိုင်ဟာ သူ့ကို တရုတ် လိုလားသူ လို့ စွပ်စွဲအပုပ်ချတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးနဲ့ တနိုင်ငံ၊ စနစ်နှစ်ခု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံ တရုတ်ရဲ့ ကမ်းလှမ်းချက် ၂ခုလုံးကို သူက ဆန့်ကျင်ပြီး ဘယ်ပင်မရေစီးကြောင်း ပါတီကမှလည်း မထောက်ခံဘူးလို့ ဟို့က ပြောပါတယ်။
ကူမင်တန်ပါတီဟာ အစဉ်အလာအားဖြင့် တရုတ်နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို နှစ်သက်ပေမဲ့ တရုတ်ပြည်မကြီး အစိုးရကို ထောက်ခံသူ မဟုတ်ဘူးလို့ ပြောရင်း ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
ထိုင်ဝမ်ပြည်သူ့ပါတီငယ်လေးက သမ္မတလောင်း ကိုယ်စားလှယ် ဖြစ်ပြီး ထိုင်ပေမြို့တော်ဝန်ဟောင်း ခို့ဝမ်ကျယ်က တရုတ်နိုင်ငံနဲ့ ထိတွေ့ ဆက်ဆံရာမှာ အဓိကအချက်က ထိုင်ဝမ်ရဲ့ လက်ရှိ နိုင်ငံရေးစနစ်နဲ့ လူနေမှုပုံစံကို အကာအကွယ်ပေးဖို့လို့ ပြောခဲ့ပါတယ်။
Source/Photo - Reuters