Home
မြန်မာသတင်း
မြင်းခြံမြို့နယ်ရှိ ညောင်တို ပျူစောထီးရွာကို PDF တပ်က သိမ်းယူ
DVB
·
December 30, 2023
Myingyan-30122023

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်တို ပျူကျေးရွာကို ဒီဇင်ဘာ ၃၀ ရက် ဒီနေ့ မနက် ၅ နာရီခွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဒေသတွင်း စစ်ရေး လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ ပျူကျေးရွာမှာ လူနေ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး  ရွာကိုသိမ်းပိုက်ပြီးနောက်မှာ ဒရုန်းအပါဝင် လက်နက်တချို့ရရှိကာ  ပျူစောထီး ရွာသူ ရွာသား  ၇ ယောက်ကို အရှင်ဖမ်းမိထားတယ်လို့  ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက  “ပျူရွာကိုသိမ်းပြီး ကျနော်တို့ ပျူစောထီး မိန်းမ ၅ ဦး၊ ယောကျ်ားလေး ၂ ဦးကတော့ အရှင်ဖမ်းမိထားတယ်။ နောက်ပြီး ပျူတွေ ရွာစဉ်ပတ်ပြီးလုယူထားတဲ့ ပစ္စည်းတွေလည်း သိမ်းနိုင်တယ်ဗျ။ ပျူတွေရဲ့ လက်နက်တွေကတော့ ရနိုင်တယ်ဗျ။ ဘာလို့အတိကျ မပြောနိုင်တာလဲဆိုတော့ တိုက်ပွဲကလည်း အခုမှပြီးတာ ဆိုတော့လေ။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့က များတော့ စိစစ်လို့မရသေးဘူး။ ကနဦးသိထားရတာတော့ စစ်ကောင်စီ ဒရုန်းယာဥ်နဲ့ လက်နက်နက်တချို့ ရထားတယ်လို့တော့ သိထားရတယ်”လို့  ပြောပါတယ်။

ညောင်တိုပျူရွာ စခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်က  ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့  ဒေသခံကာကွယ်ရေးခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဒေသခံရွာသားတဦးက “ပျူရွာကတော့ ဟုတ်တယ်။ ဒါပေမဲ့ တရွာလုံးမှာရှိတဲ့လူတွေကတော့ ပျူမဟုတ်ဘူးဗျ။ပျူမဟုတ်သူတချို့ကတော့ ရွာထဲကနေ တောထဲ ရှောင်နေတာလည်းရှိတယ်ပေါ့။ အန်အယ်လ်ဒီ အမာခံ ထောက်ခံသူတွေကတော့ စစ်အာဏာသိမ်းပြီးကတည်းက မိသားစုလိုက် ရွာကနေ ရှောင်သွားကြတယ်။ မနက်ခင်း ၇ နာရီလောက်ရောက်တော့ ရွာရဲ့ တောင်ပိုင်းလောက်က မီးတွေလောင်နေတာမြင်ရတယ်။ သေဆုံးကတော့ ဘာမှ မသိရသေးဘူး။ ရွာထဲလည်း မဝင်ရဲသေးတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲမှာ ပျူစောထီးနဲ့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024