ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမား ၁၈ ယောက် ဟာ စစ်ကောင်စီရဲ့ သံရုံးကို တိုင်ကြားခဲ့ပေမဲ့ မထူးခြားဘဲ အရပ်ဘက်အဖွဲ့တခုက ကူညီပေးပြီးနောက် နစ်နာကြေး ဘတ် ၅ သိန်းကျော် ရရှိခဲ့ပါတယ်။
ချွန်ပူလီခရိုင်၊ နောင်လွန်ဒေသမှာရှိတဲ့ Advance Prefab ဆောက်လုပ်ရေးလုပ်ငန်းမှာ ကန်ထရိုက်ယူထားတဲ့ ထိုင်းအလုပ်ရှင်က စက်ရုံမှာ အလုပ်လုပ်နေတဲ့ MOU သဘောတူညီချက်နဲ့ ဝင်ရောက်လာတဲ့ အလုပ်သမား ၁၅ ယောက်နဲ့ Name List စာရွက် ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၃ ယောက်ကို ၃ လစာ လုပ်ခမပေးတာ၊ အချိန်ပိုကြေးမပေးတာအပြင် အလုပ်ကပါနှင်ထုတ်တာကြောင့် အလုပ်သမားတွေဟာ စစ်ကောင်စီရဲ့ မြန်မာအလုပ်သမားသံရုံးဆီကို ကူညီပေးဖို့ တိုင်ကြားခဲ့ပါတယ်။
WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “အလုပ်သမားတွေက လုပ်ခမရတဲ့အပြင် အလုပ်ကပါ နှင်ထုတ်ခံရတာကြောင့် သံရုံးမှာ အရင်သွားတိုင်ပေမယ့် သူတို့က သက်တမ်းကုန်နေလို့ မကူညီနိုင်ဘူးလို့ပြောပြီး မြန်မာပြန်ဆိုတဲ့ စလစ်တခု ပေးလိုက်တယ်။ အလုပ်သမားတွေ လုပ်ခမရတော့ စားဝတ်နေရေးပါ ကျပ်တည်းသွားတော့ ကျနော်တို့အဖွဲ့ကို အကူအညီ လာတောင်းခဲ့တယ်။ ကျနော်တို့က ဒီဇင်ဘာ ၁ ရက်နေ့မှာ ဆာဝါဒီကန်ရုံးမှာ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ တိုင်ကြားခဲ့ပါတယ်။ တရားရုံးမှာ ကျနော်တို့လိုက်ပေးရင်း နစ်နာကြေး ဘတ် ၅ သိန်းကျော်ကို ၂ ခါခွဲပြီးရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
နစ်နာကြေးဘတ် ၅ သိန်းကျော် ရရှိအောင် ကူညီပေးခဲ့တဲ့ WAG အဖွဲ့အစည်းကို မြန်မာအလုပ်သမားတွေက ဘတ် ၉,၀၀၀ ပြန်လည်လှူဒါန်းခဲ့ပါတယ်။
မြန်မာအလုပ်သမား ၁၈ ယောက်ဟာ နစ်နာကြေးရရှိပြီးတဲ့နောက် အလုပ်ကနေရော၊ အဆောင်ကနေပါ ထွက်ခဲ့ရပြီး နှစ်သစ်ကူးကာလဖြစ်တာကြောင့် အိမ်ငှားတာနဲ့ အလုပ်ရှာရတာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ် လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။