ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာရှိ ခလရ ၁၂၃ စစ်ကောင်စီ တပ်စခန်းကို ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ မနက် ၅ နာရီလောက်ကစလို့ နမ့်ဖတ်ကာ ၁၂၃ စစ်ကောင်စီ တပ်စခန်းကို ကေအိုင်အေ တပ်မဟာ ၄၊ တပ်မဟာ ၆ နဲ့ တပ်မဟာ ၁၀ ပူးပေါင်းအဖွဲ့တို့ သွားရောက် တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁၂ နာရီ ဝန်းကျင်လောက်က သိမ်းပိုက်နိုင် ခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
စစ်ကောင်စီ တပ်စခန်းကို ကေအိုင်အေဘက်က တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ်၊ Y12 နဲ့ ၁၀ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “မနက် ၅ နာရီကတည်းက သွားရောက်တိုက်ခိုက်တာ သိမ်းလိုက်နိုင်ပြီ။ ကေအိုင်အေ ဘက်က သွားတိုက်တဲ့အချိန်မှာ စစ်ကောင်စီတွေ အကုန်လုံး ရှောင်ထွက်သွားတယ်။ အခုတော့ လေယာဉ်နဲ့ လာပစ်နေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း မူဆယ် - လားရှိုး လမ်းမပေါ်က နမ့်ခိုင် စစ်ကောင်စီ တပ်စခန်းကို ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။