မန္တလေး၊ ချမ်းအေးသာစံမြို့နယ်မှာ PDFတွေရဲ့သတင်း စုံစမ်းနေတဲ့ ရဲအရာရှိ ဒုရဲအုပ် မေသဥ္ဇာဝင်းပြည့် (ခ) ဂျက်မဟာ ဒီဇင်ဘာ ၂၉ ရက် ညနေက သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၄ နာရီလောက်က ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၈၀×၂၉ လမ်းထောင့်၊ မောင်ကိန်းရွှေဆိုင်အနီးမှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
ဒေသခံတဦးက "မြို့နယ်မှူးရုံးကနေ နယ်မြေစခန်းကို ပြန်လာတဲ့အချိန်ပစ်တာ၊ လည်ပင်းကို ထိသွားတယ်။ စစ်တပ်ရော ရဲတွေရော အများကြီးရောက်လာတယ်။ မန္တလေးဆေးရုံကြီးကို သယ်သွားတယ်"လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူ ဒုရဲအုပ် ဂျက်မဟာ မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ သတင်းစုံစမ်းဖို့ နေပြည်တော်ကနေ ပြောင်းရွေ့လာသူတဦးဖြစ်တယ်လို့ ရဲအရာရှိတဦးက အတည်ပြု ပြောပါတယ်။
"အပစ်ခံရတဲ့ ရဲမေက ရဲတပ်ကြပ်ကြီးကနေ ရာထူးတိုးတာမကြာသေးဘူး။ ဒုရဲအုပ်ရာထူးတိုးပြီး မြို့နယ်မှူးရုံးမှာ အလုပ်သင်အနေနဲ့ တနှစ် တာဝန်ချထားတာ။ ဒီနေ့မြို့နယ်မှူးရုံးကနေ သူနေတဲ့ အမှတ် ၃ နယ်မြေစခန်းကို ပြန်လာတဲ့အချိန် အပစ်ခံရတာ။ ဆေးရုံမှာ သေသွားတယ်။”
သေဆုံးသူ ဒုရဲအုပ်မ ဂျက်မဟာ မန္တလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် ယူနီဖောင်းနဲ့ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချသူတဦးလည်းဖြစ်တယ်လို့လည်း ရဲအသိုက်အဝန်းကနေ သိရပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ချမ်းအေးသာစံအရှေ့ရပ်ကွက်နဲ့ ၈၀×၂၉ လမ်းထောင့်မှာ လမ်းပိတ် စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နဲ့ ၈ ရက်နေ့တွေတုန်းကလည်း အောင်မြေသာစံမြို့နယ်မှာ ရဲတပ်ကြပ်ကြီးတယောက်နဲ့ ရဲတပ်သားတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။