Home
ဆောင်းပါး
ဘိုင်ဒင် အစိုးရအား တပ်လှန့်လိုက်သော နယူးယောက်တိုင်းမ် ဆောင်းပါး
DVB
·
December 30, 2023
Biden_30122023

မြန်မာစစ်တပ်သည် ဆယ်စုနှစ်ပေါင်းများစွာ ပြည်ပဖိအားပေးမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် နှစ်လအတွင်း စစ်ဗိုလ်ချုပ်များ၏ အနိုင်မခံ ဆိုသော အရှိန်အဝါသည် ထိခိုက် ပွန်းရှသွားခဲ့ရပြီ ဖြစ်သည်။

၂၀၂၁ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော တော်လှန်ရေးအင်အားစုများသည် မကြုံစဘူး အောင်မြင်မှုများ ရလာနေပြီး စစ်စခန်းပေါင်း လေးရာကျော်နှင့် တမြို့ပြီးတမြို့ ဆက်တိုက် သိမ်းယူလာနေကြသည်။

နိုင်ငံတကာ၏ ထိထိရောက်ရောက် ကူညီပံ့ပိုးမှုမရှိဘဲ ရရှိလာသည့် အောင်မြင်မှုများသည် စစ်အာဏာရှင်တို့ နဖားကြိုးထိုးထားသည့် တံပိုးကို ဖြုတ်ချနိုင်ရေးအတွက် လွန်စွာ အရေးပါလှသော အနေအထားသို့ ရောက်ရှိလာခဲ့ပြီလည်း ဖြစ်သည်။

ထို့အတွက် အမေရိကန်နှင့် ဒီမိုကရေစီ မဟာမိတ်များ အနေဖြင့် တော်လှန်ရေး အင်အားစုများအား အမှန်တကယ် အကူအညီပေးခြင်းဖြင့် အနာဂတ်တွင် လွတ်လပ်လာမည့် မြန်မာနိုင်ငံအတွက် ပြင်ဆင်ခြင်းများ စတင်သင့်ပြီ ဖြစ်သည်။

၁၉၆၂ စစ်တပ်အာဏာသိမ်းခဲ့ပြီးချိန်မှစ၍ ပြည်ပနှင့် အဆက်အသွယ်ဖြတ်ကာ တသီးတခြား နေထိုင်လာပြီး နိုင်ငံသားများအပေါ်လည်း လူ့အခွင့်အရေးအမျိုးမျိုး ချိုးဖောက်ကာ အုပ်ချုပ်လာခဲ့ခြင်းကြောင့် အာရှတွင် လူနေမှုအဆင့်အတန်း အနိမ့်ကျဆုံးနိုင်ငံဘဝ ရောက်ရှိခဲ့ရသည်။

လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကြီး ဖြစ်ရမည်ဟု ကြွေးကြော်လာသည့် ဘိုင်ဒင် အစိုးရအဖို့ မြန်မာတို့၏ တော်လှန်ရေးကို စိတ်ဝင်တစား ရှိသင့်ပေသည်။ မဟာဗျူဟာအရ အကွက်အကွင်းကျလှသည့် မြန်မာသည် ဒီမိုကရေစီနိုင်ငံအဖြစ် ပေါ်ထွန်းလာမည်ဆိုက ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို ပို၍ ကြံ့ကြံ့ခံ ရပ်တည်သွားနိုင်မည့်အပြင် တရုတ်နှင့် မြန်မာအား မည်သို့ကိုင်တွယ်သွားရမည့်အရေးအပေါ် သဘောကွဲလွဲနေသည့် အာဆီယံအဖွဲ့ကြီး ပြန်လည်အင်အားတောင့်တင်းလာနိုင်မည်လည်း ဖြစ်သည်။ ထို့ပြင် အာဏာရှင်စနစ်ကိုလည်း ထိုးနှက်လိုက်သလိုလည်း ဖြစ်သွားပေမည်။ ထိုတိုက်ပွဲအား ဆင်နွှဲရန် ဘိုင်ဒင်သည် သူ၏ သမ္မတသက်တမ်းအတွင်း အဓိကနေရာတွင် ထားသင့်လှသည်။

သို့သော် နိုင်ငံတကာသည် မြန်မာ့အရေးအပေါ် အကောင်းဘက်က ရှုမြင်ခြင်းမျိုး မရှိဘဲ အပျက်သဘောသာတွေး၍ ယူဆထားလေ့ရှိသည်။ လက်ရှိ တော်လှန်ရေးသည် ယခင်ကနှင့် ဘာမှမခြား စစ်တပ်၏ချေမှုန်းခြင်း ခံရမည်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည်လည်း အချင်းချင်း မညီမညွတ် ဖြစ်နေခြင်းကို ကျော်လွှားနိုင်စွမ်း မရှိသဖြင့် နောက်ဆုံးတွင် ဒီမိုကရေစီတိုးတက်မှုများ ရရှိရေးအတွက် အဟန့်အတားသဖွယ် ဖြစ်လာလိမ့်မည် အစရှိသည့် အမြင်များ ကိုင်စွဲထားကြဆဲပင် ဖြစ်သည်။

ထိုအမြင်များအပေါ် အခြေခံပြီး စစ်တပ်သည်သာ တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမသွားအောင် ထိန်းသိမ်းထားနိုင်သည်ဟု မကြာခဏဆိုသလို သဘောထားခဲ့ကြသည်။

အမေရိကန်သည် အခြားနိုင်ငံများနှင့်စာလျှင် မြန်မာ့ဒီမိုကရေစီအရေးကို ပို၍ ထောက်ခံသည့်နိုင်ငံ ဖြစ်သော်လည်း နိုင်ငံခြားရေးမူဝါဒပိုင်းဆိုင်ရာ အသိုက်အဝန်းတွင် မြန်မာတို့၏ တော်လှန်ရေးသည် အောင်မြင်ပါ့မလား ဆိုသည်နှင့် အာဏာသိမ်းအဖွဲ့ မရှိသည့်နောက် မည်သို့ဖြစ်လာနိုင်သည် ဆိုသည့်အပေါ် စိုးရိမ်မကင်း ဖြစ်နေကြဆဲပင် ဖြစ်သည်။

သို့သော် တော်လှန်ရေး၏ အောင်မြင်လာမှုများကြောင့် ထိုသို့သော စိုးရိမ်ကြောင့်ကြစိတ်များ ဖယ်ထုတ်ပစ်ရပေတော့မည်။

အာဏာသိမ်းအဖွဲ့သည် လက်နက်ကြီးများ၊ တိုက်လေယာဉ်များ ရှိနေ၍ စစ်အင်အားအရ သာလွန်နေသည်မှာ မှန်သော်လည်း စစ်မျက်နှာအနှံ့အပြားတွင် အရေးနိမ့်လာနေမှုများကြောင့် စိတ်ဓာတ်များ ကျဆင်းလာနေပြီ ဖြစ်သည်။ တပ်ရင်းတရင်းလုံး လက်နက်ချသည့်သတင်းများ၊ ဘက်ပြောင်းသွားမှုများ၊ အကျအဆုံး များလာခြင်းကြောင့် အလျှင်အမြန်ပင် လုံးပါး ပါးလာနေပြီ ဖြစ်သည်။

တော်လှန်ရေးအင်အားစုများဘက်တွင်တော့ အရှိန်ရလာနေပြီ ဖြစ်သည်။ ထိုးစစ်များ တခုပြီးတခု အောင်မြင်လာနေပြီး ယခင်က မရှိခဲ့ဘူးသည့် အချင်းချင်း ညှိနှိုင်းတိုင်ပင် ပေါင်းစည်းမှုများ တွေ့လာရပြီဖြစ်သည်။ ဤသည်ကပင် အခြေအနေများသည် ၎င်းတို့ဘက် အလေးသာနေသည်ကို ပြသနေသည့် လက္ခဏာများပင် ဖြစ်သည်။

မြန်မာပဋိပက္ခသည် ယခင်ကကဲ့သို့ တိုင်းရင်းသား လူနည်းစုများက ဗမာတို့၏ လွှမ်းမိုးချုပ်ကိုင်နေမှုကို တွန်းလှန်နေခြင်းမျိုး မဟုတ်တော့ဘဲ နိုင်ငံအတွင်း ကွဲပြားမှုနှင့် ဒီမိုကရေစီကို လျစ်လျူရှုနေကြသော အမျိုးသားရေး တဖက်စွန်းရောက် စစ်အုပ်စုကို ဆန့်ကျင် တွန်းလှန်လာနေသည့် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တော်လှန်ရေးအင်အားစုများအကြား အားလုံးပါဝင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီကို လိုလားကြသည်တွင်သာ တသဘောတည်း ရှိကြပြီး အနာဂတ် နိုင်ငံရေးအပေါ် မည်သို့သော မူဘောင်များ ချမှတ် ဆောင်ရွက်သွားမည်နှင့် ပတ်သက်၍ ဘုံရပ်တည်ချက်မျိုးကိုမူ မရှိသေးဟု ဆိုရမည်ဖြစ်သည်။

စစ်တပ်ပြုတ်ကျသွားခဲ့လျှင် ထိုသို့သော ဘုံသဘောတူညီချက်မျိုး ရှိထားဖို့ လွန်စွာ အရေးပါလာသဖြင့် ရှိအောင်လည်း အားစိုက်ကြိုးပမ်းရမည်သာ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်လအတွင်း စစ်မြေပြင်တွင် အချင်းချင်း ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခြင်းမျိုး တွေ့လာရပြီ ဖြစ်၍ အနာဂတ်တွင် အတူတကွ လုပ်ကိုင်သွားနိုင်မည့် အလားအလာကောင်းများပင် ဖြစ်သည်။ ထို့ပြင် တိုင်းပြည်ပြိုကွဲသွားနိုင်သည့်အန္တရာယ် ရှိနေသည် ဆိုသည်ကား အလွန်အကျွံ ပြောနေခြင်းသာ ဖြစ်သည်ကိုလည်း သက်သေထူရာ ရောက်ပေမည်။

မည်သို့ပင်ဖြစ်စေ မြန်မာလူထုအဖို့က စစ်ကောင်စီကို မဖြစ်မနေ ဖြုတ်ချနိုင်ရေးကိုသာ လိုလားနေကြသည်။

မကြာမီက အောင်မြင်ခဲ့သော ထိုးစစ်ကြီးသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား လပေါင်းများစွာကြာအောင် အတူတကွ စီမံနိုင်ခဲ့မှု၏ အသီးအပွင့်များပင် ဖြစ်သည်။ အရေးပါဆုံး အချက်သည်ကား ဗမာအများစု ပါဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားအုပ်စုများအကြား နည်းဗျူဟာပိုင်းတွင် ပေါင်းစည်းမိလာခြင်းပင် ဖြစ်သည်။

NUG ကွပ်ကဲမှုအောက်တွင်ရှိသည့် ဒရုန်းပညာရှင်များသည် ရှမ်းမြောက်‌ဒေသ တိုက်ပွဲများတွင် ကိုးကန့်၊ ပလောင်၊ ရခိုင် တိုင်းရင်းသားများနှင့်အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည်။

တော်လှန်ရေးအား အဓိက စိန်ခေါ်လာ‌မည့် အရေးကား စစ်တပ်၏ သာလွန်အင်အားမဟုတ်ဘဲ မိမိတို့အား နည်းမျိုးစုံဖြင့် သွေးကွဲအောင် ကြံစည်လာမည့်အရေးပင် ဖြစ်ပြီး ယင်းအား ကြံ့ကြံ့ခံနိုင်အောင် ပို၍ အတူတကွ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားနိုင်ဖို့ပင် ဖြစ်သည်။

ထိုသို့ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ခြိမ်းခြောက်လာနိုင်သည့် တရုတ်အန္တရာယ်လည်း ရှိနေပြန်၍ အမေရိကန်အနေဖြင့် ပို၍ပင် ဝင်ပါသင့်လှသည်။ တရုတ်သည် မြန်မာအရေးနှင့်ပတ်သက်လျှင် ကာလကြာမြင့်စွာကပင် နှစ်ဖက်ခွမူကို ကျင့်သုံးလေ့ရှိသည်။ စစ်အစိုးရများနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ဆက်ဆံမှုများ ရှိနေသလို တဖက်တွင်လည်း နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့များ အပေါ်လည်း ဩဇာလွှမ်းနိုင်အောင် ပြုလုပ်ထားသည်။ ဤသည်ကလည်း နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် မြန်မာကိုဖြတ်ပြီး အကောင်အထည်ဖော်ရန် ရှိနေသည့် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် စီးပွားရေး စင်္ကြံလမ်းမကြီးကို ကာကွယ်လို၍ ဖြစ်သည်။

တရုတ်သည် မနှစ်ကစ၍ စစ်တပ်ကို တိုး၍ ပံ့ပိုးပေးလာနေသည့်အတွက် လက်ရှိ ထိုးစစ်ကြီး အောင်မြင်လွန်းအားကြီးလာနေမည်ကိုလည်း စိုးရိမ်ကောင်း စိုးရိမ်လာနိုင်သည်။ ထို့အတွက်လည်း အတင်းအကျပ် ခေါ် ဆွေးနွေးခိုင်းခြင်းလည်း ဖြစ်သည်။ တော်လှန်‌ရေးသည် ရှေ့ဆက် အောင်မြင်လာမည်ဆိုလျှင် ပို၍ပင် စွက်ဖက်လာနိုင်ပေသည်။

မြန်မာ့တော်လှန်ရေးအား ကူညီပံ့ပိုးနိုင်ရန် အမေရိကန်တွင် BURMA ACT ဆိုသည့် လုပ်ငန်းဘောင် ချထားပြီးဖြစ်သော်လည်း အကောင်အထည်ဖော်ရေးတွင် နှေးကွေးလွန်းနေ၍ အများက စိတ်ပျက်နေကြသည်။

လက်ရှိအချိန်သည် BURMA ACT ကို အကောင်အထည်ဖော်ဖို့ အခွင့်ကောင်းပင်ဖြစ်သည်။ ထိုင်းနှင့် အိန္ဒိယအားလည်း နယ်ခြားဖြတ်ကျော် အကူအညီများ ပေးပို့နိုင်ရေး အဆင်ပြေအောင် ကူညီရေးအတွက် နားချသင့်သည်။ ထို့ပြင် မြန်မာတွင် မတည်မငြိမ်မှုများ ဖြစ်နေသည့် အဓိက တရားခံသည် စစ်အာဏာသိမ်းအဖွဲ့ ဖြစ်နေ၍ ‌တော်လှန်ရေးအောင်မြင်ရေး ရှုထောင့်မှ ရပ်တည်သင့်သည်ဟုလည်း တရုတ်အား သဘောပေါက်အောင် နားချသင့်သည်။

ထို့ပြင် တော်လှန်ရေးအုပ်စုများအား ရန်ပုံငွေ ထောက်ပံ့နိုင်ရန်နှင့် အနာဂတ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အပြန်အလှန် လက်ခံနိုင်မည့် နိုင်ငံရေးလုပ်ငန်းဘောင်တရပ် ထွက်ပေါ်လာအောင် ၎င်းတို့အကြား ဆွေး‌နွေးပွဲများ ဖြစ်မြောက်ရန် ကမကထပြု ကြားဝင် ဆောင်ရွက်သင့်သည်။

အမေရိကန်သည် လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်ရေးအတွက် အမှန်တကယ် အလေးအနက်ထား ‌ကြိုးပမ်းလိုစိတ်ရှိက မြန်မာတို့၏တော်လှန်ရေး ရှေ့လျောက် ပို၍ အောင်မြင်လာရေးသည် အမေရိကန် အကျိုးစီးပွားအတွက် လွန်စွာ အရေးပါနေသည်ဟု ရှုမြင်ရမည် ဖြစ်သည်။

(ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာတွင်  Ye Myo Hein နှင့်  Lucas Myers  တို့ ရေးသားထားသည့်  “Myanmar’s Resistance Is Gaining Ground, but It Needs U.S. Help” သတင်းဆောင်းပါးအား ကောက်နုတ်တင်ပြသည်။)

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024