ရုရှားဟာ ဒီဇင်ဘာ ၂၉ ရက်က ယူကရိန်းကို အကြီးမားဆုံး ဒုံးကျည်တိုက်ခိုက်မှုတွေထဲက တခုကို ပြုလုပ်ခဲ့လို့ နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ အရပ်သား ၁၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြကာ ကိယက်ဗ်မြို့ရှိ လူနေအဆောက်အအုံတွေကိုလည်း ထိမှန်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒက်ဆာမှာ လူနေအိမ် အဆောက်အအုံတွေကို ရုရှားဒုံးကျည်တွေ ထိမှန်ပြီး မနေ့က လူ ၃ ဦး သေဆုံးကာ ကလေး ၂ ဦး အပါအဝင် အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နီးပရိုမြို့မှာလည်း မနေ့က ရုရှားတိုက်ခိုက်မှုတခုအတွင်း လူ ၅ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
သားဖွားဆေးရုံနဲ့ ဈေးဝယ်စင်တာလည်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ယူကရီန်း မြို့တော်မှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတခု သိသိသာသာ ပျက်စီးသွားပေမဲ့ လူနာတွေနဲ့ ဝန်ထမ်းတွေအားလုံး ခိုလှုံရာ ရှာနိုင်ခဲ့ကြောင်း ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
နီးပရိုပက်ထရို့ဗ်စ်ခ် ဒေသအုပ်ချုပ်ရေးရုံးကနေ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပေါက်ကွဲမှုကြောင့် ပြင်းပြင်းထန်ထန် ပျက်စီးသွားတဲ့ အဆောက်အဦတွေ၊ အပျက်အစီးတွေနဲ့ ပြတင်းပေါက်တွေ ကွဲအက်သွားတာကို မြင်တွေ့ရပါတယ်။
ယူကရိန်းအနောက်ပိုင်းရှိ လျဗျူးမြို့မှာလည်း ဒုံးကျည်ပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၉ ဦးကနေ ၁၅ ဦးအထိ မြင့်တက်ခဲ့ပြီးတော့ တိုက်ခန်းအဆောက်အအုံနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်း မြို့တော်ဝန် ဆာဒေါ့ဗ်စကီး က အတည်ပြု ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ကျူးကျော်မှုနောက်ပိုင်း ရုရှားနိုင်ငံရဲ့ အကြီးမားဆုံး လေကြောင်းဗုံးကြဲမှု ဖြစ်တယ်လို့ လေတပ်ဦးစီးမှူး မိုက်ကိုလာ အိုလက်ရှ်ချွတ်ခ်က ပြောပါတယ်။
ရုရှားနဲ့ ၂ နှစ်နီးပါးကြာ စစ်ပွဲမှာ ကိယက်ဗ်အတွက် အနောက်နိုင်ငံတွေရဲ့ စစ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ဆက်ရဖို့ မရဖို့တွေက မသေချာ မရေရာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေချိန်မှာ နှစ်ကုန်ပိုင်း အကြီးစား လေကြောင်းတိုက်ခိုက်မှု ထွက်ပေါ်လာတာပါ။
ရုရှားဟာ ယူကရိန်း စွမ်းအင်စနစ်အပေါ် လေကြောင်းတိုက်ခိုက်မှု ကြီးကြီးမားမား လုပ်ဆောင်ဖို့ ဒုံးကျည်တွေ သိုလှောင်ထားနိုင်ကြောင်း ရက်သတ္တပတ်ချီ သတိပေးထားတာဖြစ်ပါတယ်။
Source/Photo - Reuters