ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်မှာ ဒီဇင်ဘာ ၂၉ ရက် မနေ့ညနေက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ မန်လီကျေးရွာဘုန်းကြီးကျောင်းပျက်စီးသွားကာ ကျောင်းဆရာမ တယောက် ဗုံးထိမှန်သေဆုံးသွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က သတင်းထုတ်ပြန်ပါတယ်။
မနေ့ ညနေ ၄ နာရီကျော်က စစ်တပ်က ဂျက်လေယာဉ်နဲ့ နမ္မတူမြို့နယ်ထဲ ဗုံး ၃ လုံး ကြဲ တိုက်ခိုက်တာကြောင့် မန်လီကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းနားမှာရပ်နေတဲ့ အသက် ၂၀ အရွယ် TNEC ကျောင်းဆရာမ လွေးမေဖြိုးအိ ကို ထိမှန် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
မနေ့ညနေ ၄ နာရီ ၁၇ မိနစ်လောက်မှာ နမ္မတူမြို့တံတားအနီးကိုလည်း စစ်တပ်က ဂျက်လေယာဉ် ရောက်လာပြီး ဗုံးလာကြဲလို့ တံတားနားက ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က နမ္မတူမြိုကို့ TNLA က သိမ်းပိုက်ရရှိပြီးနောက် လက်ရှိတိုက်ပွဲဖြစ်ပွားတာ မရှိတဲ့အချိန်မှာ အခုလို လာရောက်ဗုံးကြဲတိုက်ခိုက်တာလို့ TNLA က ပြောပါတယ်။
မန်လီကျေးရွာဘုန်းကြီးကျောင်းက ဆရာတော်နဲ့ကိုရင်လေးတို့ကတော့ နမ္မတူမြို့နယ်မှာ တိုက်ပွဲစဖြစ်ကတည်းက ကျောင်းမှာမနေတော့ဘဲ တိမ်းရှောင်နေတာကြောင့် ထိခိုက်မှုမရှိခဲ့ပေမဲ့ ဘုန်းကြီးကျောင်းဆောင်တခုလုံးကတော့ ပျက်စီးသွာခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ည ၈ နာရီလောက်ကလည်း သီပေါမြို့နယ်၊ နမ့်ဟူးနွဲ့ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့လို့ နမ့်ဟူးနွဲ့ဘုန်းကြီးကျောင်းအတွင်း ကျောင်းဆောင်နဲ့ ဇရပ် ပျက်စီးသွားသွား ပါတယ်။
နမ္မတူမြို့နယ် လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။