အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အထက်ပိုင်းက စစ်ဘေးရှောင် ၂,၀၀၀ ကျော်ကို ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့အစည်းက အိန္ဒိယရူပီး ၄ သိန်းကျော် (မြန်မာငွေ ကျပ်သိန်း ၁၅၀ ဝန်းကျင်) ဖိုး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မနက်မှာ တမူးအထက်အပိုင်း မြို့သစ်မြို့နယ်ထဲက ကျေးရွာတွေကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စု ၅၀၀ ဝန်းကို ဆေးဝါးနဲ့ ဆား၊ ဆီ၊ ပဲရာဇာ စတဲ့ အခြေခံစားသောက်ကုန်တွေကို ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့အစည်း တာဝန်ခံက “စစ်ဘေးရှောင်အများစုကတော့ မြို့သစ်မြို့နယ်ထဲက စစ်ရှောင်တွေပါ။ အခုက ဒုတိယအကြိမ် ထောက်ပံ့ပေးခဲ့တာပါ။ ၂၆ ရက်နေ့ကလည်း ထောက်ပံ့ခဲ့သေးတယ်။ စစ်ရှောင်တွေက အစားအသောက်ပိုင်းရော နေစရာအပိုင်းရော တော်တော်ခက်ခဲနေကြတယ်။ သူတို့နေတဲ့နေရာက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းလည်း မမိဘူး” လို့ ပြောပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုနဲ့ ဒေသတွင်း တိုက်ပွဲတွေကြောင့် မိမိတို့ရပ်ရွာကနေ တိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။
လက်ရှိမှာ ဆောင်းရာသီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ခြုံစောင်တွေ၊ အနွေးထည်တွေနဲ့ ခြင်ထောင်တွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့အစည်းဟာ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် တမူးမြို့နယ်က စစ်ဘေးရှောင်တွေနဲ့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးနေတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတခု ဖြစ်ပါတယ်။