Home
နိုင်ငံတကာ
OpenAI နှင့် မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို နယူးယော့ခ်တိုင်းမ် သတင်းစာ တရားစွဲ
DVB
·
December 29, 2023
Microsoft_29122023

အမေရိကန်အခြေစိုက် နယူးယော့ခ်တိုင်းမ်သတင်းစာဟာ OpenAI နဲ့ သူ့ရဲ့ ကျောထောက်နောက်ခံ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို မူပိုင်ခွင့်ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဒီဇင်ဘာ ၂၇ ရက်က တရားစွဲဆိုလိုက်ပါတယ်။

ဉာဏ်ရည်တုနည်းပညာတွေကို လေ့ကျင့်သင်ကြားပေးရာမှာ သူ့ရဲ့ မူပိုင်ခွင့်ရရှိထားတဲ့ ဆောင်းပါးတွေကို အသုံးပြုခြင်းကနေ ရပ်တန့်ဖို့ AI နည်းပညာနဲ့ဖန်တီးထားတဲ့ Chat GPT ရဲ့ နောက်ကွယ်မှ ကုမ္ပဏီနှစ်ခုကို တောင်းဆိုလိုက်ပါတယ်။

နည်းပညာကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ မျိုးဆက်သစ် အကြိုလေ့ကျင့်ရေး အသွင်ပြောင်းလဲမှု (GPT) ကို အခြေခံတဲ့ ထုတ်ကုန်တွေကို လေ့ကျင့်ပေးရာမှာ သတင်းစာတိုက်နေ ထုတ်ဝေထားတဲ့ လက်ရာတွေကို ခွင့်ပြုချက်မရှိ ယူငင်အသုံးပြုနေမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ လှိုင်းလုံးကြီးထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဒီလိုတရားစွဲဆိုလိုက်တဲ့ ပထမဆုံး အမေရိကန်သတင်းအေဂျင်စီ ဖြစ်လာပါတယ်။

တရားစွဲဆိုမှုထဲမှာ OpenAI နဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ကျယ်ပြန့်တဲ့ ဘာသာစကားမော်ဒယ်တွေ (LLMs) ဟာ သုံးစွဲသူတွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားဖို့အတွက် သတင်းစာရဲ့ မူပိုင်ခွင့် ရထားပြီးသား သတင်းဆောင်းပါး သန်းပေါင်းများစွာကို ကူးယူအသုံးပြုခြင်းဖြင့် တည်ဆောက်ခဲ့ကြောင်း သတင်းစာက စွပ်စွဲထားတာပါ။

Chatbots ကနေ ပံ့ပိုးပေးတဲ့ ရှာဖွေမှုရလဒ်တွေကြောင့် အရေးကြီးတဲ့ အသွားအလာတွေ လမ်းကြောင်းပြောင်းကုန်ပြီး သတင်းစာမှာ စာရင်းသွင်းမှု၊ လိုင်စင်၊ ကြော်ငြာနဲ့ တွဲဖက်ဝင်ငွေ စတာတွေမှာ လျော့နည်းသွားတဲ့အပြင် စာဖတ်သူတွေနဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်ပျက်ပြားသွားရတယ်လို့ ဆိုပါတယ်။

သတင်းစာဟာ နယူးယောက်ခရိုင် တရားရုံးမှာ ဂျူရီလူကြီးတွေ ရုံးတင်စစ်ဆေးဖို့ တောင်းဆိုထားပြီး GPT သို့မဟုတ် တခြား ကျယ်ပြန့်တဲ့ ဘာသာစကား မော်ဒယ်တွေ (LLMs) နဲ့ သတင်းစာနဲ့ ပေါင်းစပ်လုပ်ဆောင်နေတဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ အားလုံးကို ဖျက်ဆီးပစ်ဖို့ တရားရုံးအနေနဲ့ အမိန့်ပေးစေလိုကြောင်း သတင်းစာက ဆန္ဒရှိနေတာပါ။

ဒီတရားစွဲဆိုမှုမှာ ဥပဒေကြောင်းအရ နစ်နာမှုနဲ့ လျော်ကြေးပုံစံ အမျိုးမျိုးကို တောင်းခံထားပေမဲ့ ပမာဏ အတိအကျကိုတော့ ဖော်ပြမထားပါဘူး။

မျိုးဆက်သစ် AI ကိရိယာတွေကို တီထွင်ဖန်တီးနေတဲ့ အမေရိကန် နည်းပညာကုမ္ပဏီ အများအပြားကလည်း သူတို့ဟာ လေ့ကျင့်ရေးရည်ရွယ်ချက်အတွက် အင်တာနက် ဖွင့်လိုက်တာနဲ့ ရရှိနိုင်တဲ့ အကြောင်းအရာတွေကို အသုံးပြုမှုအပေါ် မျှမျှတတ သုံးစွဲနိုင်မှုအတွက် တရားဝင်ပြဋ္ဌာန်းချက်ကို မကြာခဏ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် မူပိုင်ခွင့်ရုံးဟာ AI နည်းပညာကြောင့် ပေါ်ပေါက်လာတဲ့ မူဝါဒတွေနဲ့ ပြဿနာတွေကို ဆန်းစစ်ဖို့ အစပျိုး လုပ်ဆောင်လာခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013