ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အိမ်သုံးဆေးဝါးဈေးကွက်အတွင်း နိုင်ငံခြားဆေးဝါးတချို့ ရှားပါးပြတ်လပ်နေပြီး၊ ဈေးနှုန်းတွေလည်း သုံးဆနီးပါး မြင့်တက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုင်ငံခြားဆေးဝါး ရောင်းချတဲ့ ဆေးဆိုင်တွေမှာ အိမ်သုံးဆေးဝါးတချို့နဲ့ နာတာရှည်ရောဂါ ဆေးဝါး၊ ကလေးသူငယ်တွေအတွက် ဆေးဝါးတွေ ပြတ်လပ်နေပြီး ဈေးနှုန်းတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
မြစ်ကြီးနား မြို့ခံတဦးက “ပြီးခဲ့တဲ့ မိုးတွင်းကာလက စပြီး အိမ်သုံးဆေးဝါးတွေ တဖြည်းဖြည်း ပြတ်လာတယ်။ နာတာရှည်ရောဂါဖြစ်တဲ့ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး တချို့တွေက ဈေးတွေ အရမ်းတက်သွားတယ်။ ကလေးတွေ ဖျားနာရင် သောက်တဲ့ ဘိုင်အိုဂျက်ဆစ်လို ဆေးအရည်ဆို ဝယ်မရတာ ကြာပြီ။ အာနိသင်တူတဲ့ ဆေးတွေပဲ ဈေးကွက်ထဲ ရှိတော့တယ်။ ဈေးကလည်း သုံးဆနီးပါး မြင့်တက်သွားတယ်” လို့ ပြောပါတယ်။
အကိုက်အခဲ ဒူးနာပျောက်ဆေး တကတ်ကို အရင်က ကျပ် ၁၀၀၀ ရှိရာက အခုအခါမှာတော့ ကျပ် ၂၈၀၀ မှ ၃၀၀၀ ဝန်းကျင်၊ ကလေးဖျားနာကိုက်ခဲအတွက် တိုက်ရတဲ့ ပါရာစီတမော့ ပါဝင်တဲ့ ဆေးအရည်တွေက အရင် ကျပ် ၂၀၀၀ လောက်ကနေ ကျပ် ၅၀၀၀၊ ၆၀၀၀ဝန်းကျင် အထိ ရှိနေပြီး တံဆိပ်မတူ အာနိသင်တူ ဆေးတွေသာ ဝယ်ယူ ရရှိနေပါတယ်။
မြစ်ကြီးနား ဆေးဆိုင် အရောင်းဝန်ထမ်းတစ်ဦးက “အချို့ဆေးတွေက အဝင်မရှိတော့ဘူး။ နာတာရှည်ရောဂါ သောက်တဲ့ တချို့ ဆေးတွေ အိမ်သုံးဆေးဝါးတချို့နဲ့ ကလေးသောက်တဲ့ ဆေးအရည် တချို့တွေဆို ဈေးကွက်မှာ ဝယ်မရနိုင်တော့ဘူး။ အဲဒီတော့ ဆေးနမူနာပြပြီး လာဝယ်တဲ့သူတွေကို တံဆိပ်မတူ အာနိသင်တူတဲ့ ဆေးဝါးတွေပဲ သေချာရှင်းပြပြီး ရောင်းပေးနေရတယ်။ ဆေးဈေးတွေကလည်း တက်တာ တပတ်နဲ့ တပတ်တောင် ဈေးမတူတော့ဘူး” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာဈေးနှုန်းတွေ အဆမတန်မြင့်မားလာပြီး မြန်မာငွေဈေး ကျဆင်းလာလို့ နိုင်ငံခြားကနေ တင်သွင်းတဲ့ အိမ်သုံးဆေးဝါးတွေဟာ ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာတာ ဖြစ်ပါတယ်။