အာဂျင်တီးနားမြို့တော် ဗျူးနို့စ်အေရီးစ်မှာ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အလုပ်သမားအဖွဲ့အစည်း အသီးသီးမှ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။
သမ္မတ ဟာဘီယာမီလေ့ဟာ အခွန်၊ အလုပ်သမား၊ ရာဇ၀တ်မှု၊ စွမ်းအင်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် ပြုပြင်ပြောင်းလဲမှု အစီအမံတွေကို ဆွေးနွေးဖို့ ကွန်ဂရက်လွှတ်တော်ကို ဒီဇင်ဘာ ၂၇ ရက်က ပေးပို့ခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ မန်နျူယယ် အက်ဒေါ်နီက ပြောကြားခဲ့ပြီးနောက်မှာ အခုလို ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြမှုတွေဟာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်မှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အနည်းဆုံး လူ ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ လုပ်ခလစာနဲ့ အာဂျင်တီးနားပြည်သူတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်စေမှာဖြစ်ကြောင်း အာဂျင်တီးနား အလုပ်သမားများ အထွေထွေအဖွဲ့ချုပ် (CGT) လိုမျိုး ဆန္ဒပြမှုမှာပါဝင်တဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
တောင်အမေရိကနိုင်ငံရဲ့ စီးပွားရေးကို ထိန်းညှိဖို့ သမ္မတ ဟာဘီယာမီလေ့ က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တင်ပြခဲ့တဲ့ အစီအမံပေါင်း ၃၀၀ ဟာ လိုအပ်ချက်နဲ့ အရေးပေါ် အမိန့်စာတွေဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ချက်တွေနဲ့မကိုက်ညီနေပဲ အာဂျင်တီးနား ပြည်သူအများစုရဲ့ အလုပ်သမားနဲ့ လူမှုရေးအခွင့်အရေးတွေကို ဖျက်ဆီးနေတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ တရားစီရင်ရေးဆိုင်ရာသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဟူလီယိုပျူမာတိုက ပြောပါတယ်။
အစိုးရကြောင့် အလုပ်သမားတွေက လုပ်ခလစာ ကျဆင်းမှုကြောင့် ဒုက္ခရောက်နေကြရပြီး လုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားကိုပဲ အကျိုးပြုနေတာလို့ လက်ဝဲခေါင်းဆောင် အက်ဒွါဒို ဘဲလီဘိုနီက ပြောပါတယ်။
Source/Photo - Reuters