ဒီကနေ့မနက်အစောပိုင်းက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်နဲ့ စပါးအသင်းတွေက ပြိုင်ဘက်အသင်းတွေကို အသီးသီး ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။
အစောပွဲစဉ်မှာ စပါးအသင်းက ဗဟိုနောက်ခံလူတွေ မပါဝင်နိုင်ခဲ့တာနဲ့ အတူ ဘရိုက်တန်ကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဘရိုက်တန်အသင်းက ပင်နယ်တီသွင်း ဂိုး ၂ ဂိုးအပါအဝင် ပွဲချိန် ၇၅ မိနစ်အထိ ၄ ဂိုး ပြတ်ဦးဆောင်ခဲ့ပြီး စပါးအသင်းက မိနစ် ၈၀ ကျော်မှာ ချေပဂိုး ၂ ဂိုး ပြန်သွင်းခဲ့တာပါ။
အာဆင်နယ်အသင်းဟာလည်း ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီမှာ အိမ်ကွင်းမှာပဲ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။
ပွဲစဉ်တလျှောက်လုံး အာဆင်နယ်က စိုးမိုးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် အကြိမ် ၃၀ လောက်အထိရခဲ့ပေမဲ့ တိုက်စစ်ပိုင်းက အဆုံးသတ်အားနည်းမှုတွေကြောင့် ဂိုးမရခဲ့တာပါ။
ဝက်စ်ဟမ်းကတော့ အငြင်းပွားဖွယ်ရာ ဦးဆောင်ဂိုးအပါအဝင် ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းဂိုးနဲ့ ၂ ဂိုးရခဲ့တာပါ။
အာဆင်နယ်ဘက်က ပင်နယ်တီရရှိနိုင်မယ့် အခြေအနေတွေရှိခဲ့ပေမဲ့ VAR က ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီပွဲအရှုံးကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်တစ်နေရာ ပြန်လည်တက်ရောက်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပြီး လီဗာပူးနဲ့ နှစ်မှတ် အကွာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
Photo-Reuters/Peter Cziborra