စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးဟာ ကောလင်းမြို့ပေါ်ရက်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၆၆ နှစ်အရွယ် ဦးကျော်ဝင်း၊ ၂ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၈ နှစ်အရွယ် ကလေးအပါအဝင် ၃ ဦး နေရာမှာတင် သေဆုံးခဲ့ပါတယ်။
လက်နက်ကြီးစ ထိမှန်မိကြောင့် သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိခင်နဲ့ ဘုန်းကြီး ၁ ပါးလည်း ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ လူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။
“တိုက်ပွဲမရှိဘဲပစ်တာပါ၊ အိမ်ထဲတည့်တည့်ကျတာ၊ ဘုန်းကြီးကျောင်းလည်းပျက်စီးတယ်။ သတင်းပေးလို့ဖြစ်ဖြစ်၊ ပစ်ချင်လို့ပဲဖြစ်ဖြစ် အကြောင်းမဲ့ပစ်နေတာ။ အကြမ်းဖက်စစ်တပ်က ကျနော်တို့ ကောလင်းမြိူ့ပေါ်ရှိ ပြည်သူတွေကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခေတ်နေပြီး ပြည်သူတွေ အခုလို သေကျေနေရတယ်” လို့ ကောလင်းမြို့အခြေစိုက် ပြည်သူမှပြည်သူသို့အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ ခရိုင်အဆင့်ရှိ မြို့တမြို့ ဖြစ်ပါတယ်။