Home
နိုင်ငံတကာ
ဟားမတ်စ်နှင့် ကုလအေဂျင်စီကြောင့် အကူအညီများ ဂါဇာသို့မရောက်ဟု အစ္စရေး ပြစ်တင်
DVB
·
December 28, 2023
Israel_28122023

ဂါဇာကမ်းမြောင်ဒေသရှိ လူတွေဆီကို လူသားချင်းစာနာအကူအညီတွေ မရောက်ရှိအောင် တားဆီးထားတဲ့ ဟားမတ်စ်အဖွဲ့နဲ့ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA တို့ကို အစ္စရေးက ဒီဇင်ဘာ ၂၇ ရက်မှာ အပြစ်တင်လိုက်ပါတယ်။

အကူအညီတွေကို ဟားမတ်စ်က ဖြတ်ယူထားပြီး အဲဒါကို UNRWA က ဖုံးဖိထားတာကြောင့် လိုအပ်နေတဲ့သူတွေဆီကို အကူအညီက မရောက်သွားပါဘူးလို့ အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ အိုင်လွန်လဲဗီက ပြောပါတယ်။

အစ္စရေးက ဓားစာခံတွေနဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကြိုးပမ်းမှုတစိတ်တပိုင်း အနေနဲ့  ဂါဇာကမ်းမြောင်ကနေ အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖော်ထုတ်ရေးအတွက် အစ္စရေးနိုင်ငံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး အစ္စရေးဘက်က လုပ်ကိုင်ဆောင်ရွက်ပြီးသွားချိန်မှာ ပါလက်စတိုင်းဘက်ကို ပြန်ပို့ပေးခဲ့ကြောင်း လဲဗီက အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ မှတ်ချက်ပေးထားသလို ရည်ညွှန်း ဖြေကြားခဲ့ပါတယ်။

ဓားစာခံ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၇ ရက်ကတည်းက ဟားမတ်စ် အကြမ်းဖက်ထောင်တွေမှာ ဓားစာခံ ၁၂၉ ယောက်အတွက် အချိန်ကုန်နေတာဖြစ်ပြီး သူတို့ထဲက ၂၂ ယောက်ကို ဟားမတ်စ်တွေက သတ်ဖြတ်ထားကြောင်းနဲ့ ဟားမတ်စ်တွေက သူတို့ရဲ့အလောင်းတွေကို ဓားစာခံအဖြစ် ချုပ်နှောင်ထားတာဖြစ်ကြောင်း အိုင်လွန်လဲဗီက ဓားစားခံအရေးရဲ့  နောက်ဆုံးသိရတဲ့ အချက်တခုကို ပြောပါတယ်။

မြောက်ပိုင်းတင်းမာမှုတွေနဲ့ ပတ်သက်ပြီး တကယ်လို့ ဟစ်ဇ်ဘိုလာဟာ ၂၀၀၆ ခုနှစ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ နဲ့အညီ နယ်စပ်ကနေ ဆုတ်ခွာမသွားဘူးဆိုရင် သူတို့ကိုယ်တိုင် တိုက်ထုတ်သွားမှာဖြစ်တယ်လို့ လဲဗီက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ ပါလက်စတိုင်း အယောက် ၈၀ ရဲ့ ရုပ်အလောင်းတွေကို အစ္စရေးက ကီရမ်ရှာလွမ် နယ်စပ်ဂိတ်ကတဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီအလောင်းတွေကို တောင်ဘက် အဝိုင်းနေရာရှိ ရာဖာသုသာန်မှာ မြောင်းရှည်ကြီးတခုတူးပြီး အင်္ဂါနေ့က အစုလိုက် မြုပ်နှံသင်္ဂြိုဟ်ခဲ့ပါတယ်။

အစ္စရေးဟာ အခုသီတင်းပတ်အတွင်း အထူးသဖြင့် ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်းကို ပိုင်းခြားထားတဲ့ ရေလမ်းကြောင်းရဲ့ တောင်ဘက်က အလယ်ပိုင်းဒေသမှာ သူတို့ရဲ့ စီးနင်းမှုတွေကို အရှိန်မြှင့်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်က အရပ်သားတွေကို အဲဒီဒေသကနေ ထွက်ခွာဖို့ ညွှန်ကြားထားပေမဲ့ အတော်များများကတော့ သွားစရာနေရာမရှိဘူးလို့ ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024