ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းထောင့်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးရှေ့မှာ ဒီဇင်ဘာ ၂၈ ရက် မနေ့ ည ၇ နာရီခွဲက ဗုံးပေါက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၇ နာရီခွဲက စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးရှေ့နဲ့ အနီးဝန်းကျင်ရှိ ယာဥ်ထိန်းရုံးနားမှာ ဗုံးပေါက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"စက်မှုကြီးကြပ်ရေးရုံးရှေ့ အရင်ပေါက်တယ်။ ပြီးတော့ အဲ့နားက မော်တော်ပီကယ်ရုံးနားမှာလည်း ပေါက်တယ်။ ၅ မိနစ်လောက်ကွာတယ်။ ဗုံးပေါက်တဲ့အချိန်က ထိခိုက်ဒဏ်ရာရတော့ မသိဘူး စစ်တပ်ရော ရဲရော အများကြီးပဲ"လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ၈ မိုင်၊ ကျောက်ဝိုင်း၊ ရဲဘော်ဟောင်းနဲ့ သမိုင်းလမ်းဆုံမှတ်တိုင်တွေမှာ လမ်းသွားလမ်းလာနဲ့ အိမ်စီးကားတွေကို စစ်ဆေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ဗုံးက နှစ်ကြိမ်ပေါက်တာ ဗုံးတလုံး အရင်ပေါက်တယ်။ စစ်တပ်သွားတော့ တလုံးက မပေါက်သေးဘူး။ ဗုံးရှင်းတဲ့အဖွဲ့က ဖောက်လိုက်တာ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူး။”
အဆိုပါတိုက်ခိုက်မှုကို Freeland Attack Force- FLA ၊ Anonymous Fighters Force- AFF နဲ့ Emerald Girls Army- EGA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၇ ရက် နေ့လယ် တနာရီခွဲကလည်း အင်းစိန်မြို့နယ် အင်းစိန်ထောင်ရှေ့မှာ ဗုံးပေါက်ခဲ့ရာ အမျိုးသမီး နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ ကြည့်မြင်တိုင်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ တာမွေ၊ အလုံ၊ ဒလနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။