မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အမေရိကန်ရဲ့ မကြုံစဖူး ထိပ်တိုက်ရင်ဆိုင်မှုကို တန်ပြန်ဖို့ သူ့ရဲ့ စစ်တပ်၊ လက်နက်စက်ရုံနဲ့ နျူးကလီးယား လက်နက်ဌာနတွေကို စစ်ရေးပြင်ဆင်မှုအတွက် အရှိန်မြှင့်ထုတ်လုပ်ဖို့ အမိန့်ပေးလိုက်ကြောင်း အစိုးရပိုင်ရုပ်သံလိုင်း KRT က ဒီဇင်ဘာ ၂၈ ရက်မှာ ကြေညာပါတယ်။
ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်တဲ့ နိုင်ငံ့အာဏာရပါတီရဲ့ အဓိကအစည်းအဝေးမှာ နှစ်သစ်အတွက် မူဝါဒလမ်းညွှန်ချက်တွေကို ပြောကြားရင်း ကင်မ်က ပြုံယမ်းဟာ နယ်ချဲ့ဆန့်ကျင်ပြီး လွတ်လပ်တဲ့နိုင်ငံတွေနဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမယ်လို့ ပြောဆိုခဲ့ကြောင်း KRT က ပြောပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကို ချဲ့ထွင်နေပြီး ပြုံယမ်းဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် မော်စကိုကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေကြောင်း ဝါရှင်တန်က စွပ်စွဲထားပါတယ်။
ရုရှားကလည်း မြောက်ကိုရီးယားကို သူ့ရဲ့စစ်ရေးစွမ်းရည်တွေ တိုးတက်မြင့်မားလာစေဖို့ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို ပံ့ပိုးပေးပါတယ်။
၈ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ၉ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက်က စတင်ခဲ့ပြီး တနှစ်တာအတွင်း ကိစ္စရပ်တွေကို အပြီးသတ် ဆွေးနွေးခဲ့ရာမှာ နျူးကလီးယားမူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းတဲ့ကိစ္စ၊ သူလျှိုဂြိုဟ်တုကိုပစ်လွှတ်ခဲ့တာနဲ့ တိုက်ချင်းပစ်ဒုံးကျည်အသစ် ပစ်လွှတ်ခဲ့တာတွေလည်း ပါဝင်ခဲ့ပါတယ်။
Source/Photo-Reuters