ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူးနဲ့အဖွဲ့ဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ် မြဝတီမြို့ အနီးရှိ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည် လုပ်ငန်းတွေကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး ဂျက်ကာပွန်ဂျန်ပန်းပန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၂၇ ရက်မနက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် နယ်စပ်ကုန်သွယ်မှုတွေ လုံခြုံချောမွေ့အဆင်ပြေစေရေးအတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စတွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေနဲ့ သတင်းအချက်အလက် အပြန်အလှန် ဖလှယ်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် တဖက်ကမ်း မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုနယ်မြေမှာ စစ်ကောင်စီတပ်ဩဇာခံ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ တရုတ် ဒုစရိုက်သမား စီးပွားရေးလုပ်ငန်းရှင်တွေပူးပေါင်းပြီး မူယစ်ဆေးဝါး၊ ကေတီဗွီ၊ ကာစီနိုလောင်းကစားဝိုင်း၊ ကောလ်စင်တာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဖွင့်လှစ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ရွှေကုက္ကိုကောလ်စင်တာတွေမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံသားတွေ လူကုန်ကူးခံရတာ၊ အဓမ္မလုပ်အားခိုင်းစေခံရတာနဲ့ ရိုက်နှက် နှိပ်စက်ခံရတာတွေရှိနေပြီး ဒေသတွင်းကို ခြိမ်းခြောက်နေတဲ့ ဥပဒေကင်းမဲ့ဇုန် ဒုစရိုက်နယ်မြေတခု ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ သုံးသပ်ဖော်ပြပါတယ်။
Photo-MOI