စစ်ကိုင်းတိုင်းအထက်ပိုင်း ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ထီးချိုင့် မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေရာကနေ ဒီဇင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ခဏရပ်နားထားတယ်လို့ ထီးချိုင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
စစ်ကောင်စီဘက်ကလည်း ထီးချိုင့်မြို့ မကျဖို့အတွက် မြို့တဖက်ကမ်း မြတောင်ဘက်ခြမ်းကနေ လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ ပို့ဆောင်ပြီး ခံစစ်ကောင်းကောင်းနဲ့ ခုခံနေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
“တိုက်ပွဲက ဒီနေ့ကော၊ မနေ့ကကော နားထားတယ်။ လွန်ခဲ့တဲ့ရက်တွေကတော့ နေ့တိုင်း ဖြစ်နေတယ်။ တိုက်ပွဲအခြေအနေကတော့ ကိုယ့်ဘက်က ဆုတ်ပေးလိုက်ရတာ ရှိသလို တချို့နေရာတွေ ပြန်ပြီး စီးမိတာတွေရှိတယ်၊ တက်လိုက် ဆုတ်လိုက်ပဲ။ သူတို့ဘက်ကတော့ ထောက်ပို့ကောင်းကောင်းရှိတယ်။ MI-17 နဲ့ကော ပစ္စည်း ရိက္ခာတွေ လာပို့တာရှိတယ်။ မြတောင်အောက်ဘက်က နီကယ်စက်ရုံတွေမှာ လူအင်အားတွေ လာပို့တာ၊ ခဲယမ်းလာပို့တာတွေ ရှိတယ်။ ကြည့်ရတာကတော့ ထီးချိုင့်ကို လက်မလွှတ်ချင်တဲ့ သဘောရှိတယ်။ ထီးချိုင့်က ရေကြောင်းကော မြစ်ကြီးနားလမ်းကော၊ ဗန်းမော်လမ်းကော အချက်အချာကျတဲ့ နေရာဆိုတော့။”
ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ကြန့်ကြာနေတာဟာ ထီးချိုင့်မြို့ပေါ် တောင်ကုန်းတွေမှာ စစ်ကောင်စီဘက်က ဘန်ကာအခိုင်အမာ တည်ဆောက်ထားသလို မြို့သိမ်းတိုက်ပွဲအတွက် ဝင်လမ်းတဖက်ကနေပဲ တိုက်ခိုက်နေရတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆက်ပြောပါတယ်။
“အခုတိုက်ရတာကလည်း တဖက်ပိတ်လိုမျိုး ဖြစ်နေတာပေါ့၊ ကျနော်တို့ ဝင်ရတာ။ ဟိုဘက် တဖက်မှာလည်း မြစ်ခံထားတယ်။ ရှေ့မှာလည်း တောင်ကုန်းတွေခံနေတော့ လမ်းကြောင်းတခုကနေပဲ ဝင်ရတော့ အချိန်တွေ ကြန့်ကြာနေတယ်။”
စစ်ကောင်စီဘက်က မြို့ပေါ်နေအိမ်တွေကို မီးရှို့ရှင်းလင်းနေတာတွေ ပြုလုပ်နေသလို လေကြောင်းပစ်ကူယူပြီး တောင်ကုန်းတွေကနေ တဆင့်ချင်း ရှေ့ဆက်တိုးပြီး တန်ပြန်ထိုးစစ်ဆင်နေတာတွေလည်း တွေ့ရတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီဘက်က ကျောက်စေတီတောင်ကုန်း၊ မြသိန်းတန်ရဲစခန်းနဲ့ တဆက်တည်းဖြစ်တဲ့ တောင်ကုန်းနေရာတွေနဲ့ ဖက်တောင်ကုန်းနေရာတွေမှာ ဘန်ကာ အခိုင်အမာအပြင် RC အမျိုးအစား ဘာသာရေးအဆောက်အဦကောင်းတွေမှာ အခိုင်အမာ နေရာယူပြီး ခုခံနေတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အဓိကရယူပြီး ခုခံနေတာတွေရှိသလို စစ်အင်အားနဲ့ လက်နက်ခဲယမ်း ပို့ဆောင်မှုမှာလည်း လေကြောင်းကို အသုံးပြုနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကို ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲ စတင်တဲ့ ဒီဇင်ဘာ ၁ ရက်ကနေ နေ့စဉ် ဂျက်တိုက်လေယာဉ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့ပေါ်ကို လေကြောင်းပစ်ကူပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့မှာတော့ အသေးစား သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ ဗုံးသီးတွေ လာရောက်ကြဲချသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
“Y-12 နဲ့ ၄၅ မိနစ်လောက် လာဝဲပြီး ဗုံးသီးချတယ်။ ၆၀ တို့ ၈၀ တို့ ကြဲချတယ်။ အဲလို ၈ ကြိမ်ကို အလုံး ၅၀ လောက်ချတယ်၊ အပေါ့စားလေယာဉ်နဲ့၊ အဲဒါနဲ့ လာပျံဝဲပြီး ချတယ်။ လေယာဉ်ကလည်း ခပ်နှေးနှေးပဲ ပျံတယ်။”
ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့အချိန် ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းပစ်ကူ အဓိကပြုလုပ်ပေမဲ့ အခုလို အပေါ့စား သယ်ယူပို့ဆောင်ရေးလေယာဉ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်တာ ပထမအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့သိမ်းတိုက်ပွဲ စတင်တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ ရက်ပေါင်း ၄၁ ရက်အတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၅၀ ကျော်အထိ ရှိခဲ့တယ်လို့ Tigyaing Revolution – TR က ထုတ်ပြန်ထားပါတယ်။