ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီမနက် ၃ နာရီလောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က စီးနင်းတိုက်ခိုက်ခဲ့တာလို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ အေအေဘက်ကတော့ ရလဒ်တွေကောင်းတယ်လို့ သတင်းကြားတယ်ဗျ။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်။”
တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို မင်းပြားအခြေစိုက် ၃၇၉၊ ၅၄၁ တပ်ရင်း၊ ကျိန်းတောင်နဲ့ မြောက်ဦးမြို့အခြေစိုက် တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ကူပေးနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေမှာ ကျရောက်ပေါက်ကွဲပြီး ပြည်သူတချို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီလောက်ကလည်း ရက္ခိုင့်တပ်တော် (အေအေ) က မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။