Home
မြန်မာသတင်း
ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်၊ ကောလင်းမြို့ကို ဖြတ် ၄ ဖြတ် ပိတ်ဆို့
DVB
·
December 28, 2023
Kawlin market_28122023

စစ်ကိုင်းတိုင်း၊ ရွှေပြည်အေးမြို့ကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နေသလို ကောလင်းမြို့ကိုလည်း လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ စစ်ကောင်စီက ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဟုမ္မလင်းမြို့နယ်၊  ရွှေပြည်အေးမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်မှာ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး ဒီနေ့အချိန်ထိ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ရွှေပြည်အေးမြို့ ပြန်လည်ရရှိရေးအတွက် အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ-၄၀ နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ဌာနေပြည်သူ့စစ်တို့ ပူးပေါင်း ထိုးစစ်ဆင်လာရာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “အကြမ်းဖက်စစ်တပ်နဲ့ နောက်လိုက် SNA တို့ အထိုင်ချ ဂိတ်ဖွင့်ထားတဲ့ ဇီးပင်သာရွာ၊ နောင်ဆန်းကျင်ရွာ၊ တီလောင်ရွာ ကျေးရွာ ၃ ရွာနားက စခန်းနှစ်ခုကို ဒီဇင်ဘာ ၁၉ ရက်က PDF ဘက်က ထပ်သိမ်းလိုက်တယ်။ စစ်တပ်ဘက်က အဲ့ဒီရွာတွေဘက်ကို ၂၂ ရက် နေ့လယ်လောက်မှာ လေကြောင်းရော လက်နက်ကြီးနဲ့ရော ရမ်းသန်းပစ်လို့ အနီးနားကရွာတွေပါ ဟုမ္မလင်းဘက်ကို စစ်ဘေးရှောင်နေကြရတယ်” လို့ ပြောပါတယ်။

ရွှေပြည်အေးမြို့ အသိမ်းခံရပြီးနောက် ရေကြောင်း၊ ကုန်းကြောင်း အားလုံးပိတ်ထားလို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပါတယ်။

ဒါ့အပြင် လောင်စာဆီ ဝယ်ယူမရဖြစ်ပြီး ပြတ်လပ်နေတာကြောင့် စိုက်ပျိုးရေးနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရ ခက်ခဲကျပ်တည်းလာတယ်လို့ ဒေသတွင်း လုပ်ငန်းရှင်တွေထံက သိရပါတယ်။

လုပ်ငန်းရှင်တဦးက “ဟုမ္မလင်းမြို့ပေါ်မှာ အခုဆို စစ်ရှောင် တသောင်းလောက် ရှိမယ်။ လမ်းတွေပိတ်ထားတော့ ကုန်ဈေးနှုန်းက တအားတက်နေတာ။ ဒီဇယ် ၁‌ ပေပါ အခု ၁၃ သိန်း၊ ဈေးပဲရှိတာ ဝယ်မရဘူး။ နေထိုင်စားသောက်ရေး ပိုမိုကျပ်တည်း ခက်ခဲလာဖို့ပဲရှိတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကိုလည်း စစ်တပ်က ပိတ်ဆို့ထားပြီး ဖြတ်သန်းလာသမျှ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကို ကောလင်းမြို့ထဲကို မဝင်ဖို့ တားဆီးထားပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတဦးက “အင်းတော်ဘက်ကလည်း ပိတ်ထားတယ်။ လုံးဝ ဝင်လို့မရဘူး၊ မန္တလေးဘက်ကနေလည်း ဝင်လို့မရဘူး။ ဂိတ်က မအလ စစ်သားတွေက ကောလင်းဆိုရင် အသံတောင်မကြားချင်ဘူးလို့ ပြောတာ။ သူတို့ ဖြတ်လေးဖြတ်လုပ်ပြီး ယုတ်မာနေတာ” လို့ ပြောပါတယ်။

ကောလင်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အုပ်ချုပ်ရေးယန္တရားတွေ ထူထောင်ကာ NUG ရဲ့ နွေဦးဖွံ့ဖြိုးရေး ဒီဂျစ်တယ်ဘဏ်ရဲ့ ပထမဆုံး မြေပြင်ဘဏ်ခွဲကို ကောလင်းမြို့မှာ ဖွင့်ဖို့ စီစဉ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024