စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ချင်းပြည်နယ် တီးတိန်မြို့အခြေစိုက် ခလရ-၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ်တယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက်က ပုလဲမြို့နယ်ကို အရင်အလင်းဝင်ရောက်ထားတဲ့ စီနီယာတွေကို ဆက်သွယ်ပြီး ရောက်ရှိလာတာလို့ သိရပါတယ်။
အလင်းဝင်ရောက်လာသူမှာ တီးတိန်မြို့အခြေစိုက် ခလရ-၂၆၉ တပ်ရင်းမှ ဒု-တပ်ကြပ် ဝေလင်းဖြစ်ပြီး ချင်း-မကွေးနယ်စပ်က တပ်ခွဲတခုမှာ တာဝန်ကျတဲ့အချိန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
ဒု-တပ်ကြပ်ဝေလင်းနဲ့အတူ MA3 တလက်၊ ကျည်ပေါက် ၅ ခု၊ ကျည်အတောင့် ၁၅၀၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၁ လုံး ပါရှိလာပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက “ချင်း-မကွေးအစပ် တာဝန်ကျတဲ့နေရာကနေ လက်နက်နဲ့အတူ အလင်းဝင်လာတာပေါ့။ အရင် CDM လုပ်ခဲ့တဲ့ သူ့ရဲ့စီနီယာတွေကို ဆက်သွယ်ပြီး ရောက်လာတာပေါ့။ အခုတော့ သူ့ကို ပုလဲမြို့နယ်ထဲက ပြည်သူ့စစ်သား CDM တွေနဲ့အတူ ထားပါတယ်။ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့အတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆုငွေသိန်း ၁၀၀ ချီးမြှင့်ထားပါတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော်ရှိပြီလို့ သိရပါတယ်။
ဒီဇင်ဘာ ၂၆ ရက်ကလည်း ပုလဲမြို့နယ် အင်မထီး ပျူစောထီးကျေးရွာက အမျိုးသမီး နှဏ်ယောက်နဲ့ အမျိုးသားတယောက်တို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ရောက် လာပါတယ်။