တောင်ကိုရီးယားနိုင်ငံဟာ ဟားမတ်စ် တိုက်ခိုက်မှုကို သင်ခန်းစာယူပြီး ဒီဇင်ဘာ ၂၇ ရက်က တောင်ကိုရီးယား စစ်တပ်၊ ရဲနဲ့ အရေးပေါ်တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်တို့ဟာ မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့ ရှားရှားပါးပါး ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုတွေမှာ အဓိက ရေပေးဝေရေးစက်ရုံ၊ တယ်လီဖုန်းကွန်ရက် စခန်းတွေနဲ့ တခြားအဆောက်အဦတွေကို တိုက်ခိုက်တာတွေကို ပုံဖော်ထားတဲ့ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။
တောင်ကိုရီးယားရဲ့ ဂန်ဒုန်ဂူခရိုင်တပ်မှူး ဒုဗိုလ်မှူးကြီး ဘတ်ဟန်ကျူက “မြောက်ကိုရီးယားရဲ့ ရန်စမှုနဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကနေ ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံမှုကို ကာကွယ်ဖို့အတွက် ပေါင်းစပ်ကာကွယ်ရေး အနေအထားကို ပိုပြီး အားကောင်းအောင် လုပ်ဆောင်သွားမှာဖြစ်ပြီးတော့ စစ်ရေးလေ့ကျင့်မှုအတွင်းမှာလည်း သတ်မှတ်ထားတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို မျှဝေပြီး တိုးတက်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။
မြို့တော်ဟာ ပြုံယမ်းရဲ့ လက်နက်တွေ ဒါမှမဟုတ် လျှို့ဝှက်တိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့ လက်တကမ်းအကွာလောက်မှာပဲ ရှိနေတာကြောင့် အကြောက်တရားတွေ ပြေပျောက်စေဖို့ ဆိုးလ်မြို့ကို မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှု လုပ်လာနိုင်မှာကို အတုယူပြီးတော့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
ဆိုးလ်မြို့တော်ဝန် အိုစီဟွန်းက“သမားရိုးကျ လက်နက်တွေနဲ့ ခေတ်ဟောင်းနည်းလမ်းတွေနဲ့ ဟားမတ်စ်တွေရဲ့ အံ့အားသင့်စရာ တိုက်ခိုက်မှုအောက်မှာ အစ္စရေးရဲ့ ကမ္ဘာ့အဆင့်မီ အဆင့်မြင့် ကာကွယ်ရေးစနစ်ကြီး ကူကယ်ရာမဲ့ ဖြစ်သွားရတာက ကျနော်တို့အတွက် ကြီးမားတဲ့ သင်ခန်းစာတခုပါ” လို့ ပြောပါတယ်။
မြောက်ကိုရီးယားက အချိန်မရွေး နှောင့်ယှက်နိုင်တာကြောင့် ဒီလို ရန်စမှုတွေကို ကျော်လွှားဖို့ ခိုင်မာတဲ့စွမ်းရည် ရှိရမယ်လို့လည်း အိုစီဟွန်းက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ၂၀၁၈ စာချုပ်အပြီးမှာ ဖြေလျှော့ပေးခဲ့တဲ့ စစ်ရေးဆောင်ရွက်မှုတချို့ကိုလည်း ပြီးခဲ့တဲ့လက ပြန်စခဲ့ပြီးနောက် တိုက်ချင်းပစ်ဒုံးကျည်နဲ့ သူ့ရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေးဂြိုဟ်တုတို့ကိုလည်း စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။
Source/Photo-Reuters