နေပြည်တော် အမှတ် ၂၊ သားဖွားမီးယပ်နှင့် ကလေးဆေးရုံက ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်း ဆိုသူက သူ့ရဲ့ဇနီးကိုသတ်ပြီး ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက လမ်းဘေးမှာ စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ရာဇသင်္ဃဟလမ်းနဲ့ ပိတောက်လမ်းထောင့်က ကျောက်စိမ်းဟိုတယ်ရှေ့နားမှာ အလောင်းကို စွန့်ပစ်ခဲ့ပြီး ဒေသခံပြည်သူတွေက ဒီဇင်ဘာ ၂၆ ရက် မနက်မှာ သေဆုံးအလောင်းကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ပါဝင်ကူညီခဲ့တဲ့ ပရဟိတသမားတဦးက “ကျနော်တို့ လမ်းဘေးက ရုပ်အလောင်းကို ဆေးရုံပို့တော့ သိတဲ့သူတွေက ပြောကြတယ်၊ ဆရာဝန်ကြီးဇနီး ဘာဖြစ်လို့ အသတ်ခံရတာလဲပေါ့။ အဲ့ဒီကနေ သက်ဆိုင်ရာက အမှုကို ဆက်လိုက်ကြတော့ သူ့ဇနီးကို သူကိုယ်တိုင်သတ်တာလို့ ပါရဂူဆရာဝန်က ဝန်ခံလိုက်ပြီလို့တော့ ကြားတာပဲ” လို့ ပြောပါတယ်။
ဇနီးကို ရက်ရက်စက်စက်သတ်ဖြတ်သူ ဗိုလ်မှူးကြီး ဇေယျာလင်းဟာ နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (ခုတင် ၃၀၀) က သားဖွားမီးယပ်ပါရဂူ တဦးဖြစ်ပြီး ဇနီးဖြစ်သူကို ဆေးကြောင်ကာ ခုတ်သတ်ခဲ့တာလို့ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မှာ ဝန်ခံလိုက်ပြီလို့လည်း သိရပါတယ်။
ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်းဟာ တပ်မတော်ဆေးတက္ကသိုလ် အမှတ်စဉ် ၂ ကျောင်းဆင်းဖြစ်ပြီး မကြာခဏဆိုသလို ဇနီးဖြစ်သူနဲ့ ရန်ဖြစ်လေ့ရှိပြီး အနိုင်ကျင့်လေ့ ရှိကြောင်းကိုလည်း နီးစပ်တဲ့အသိုက်အဝန်းတချို့ဆီက သိရပါတယ်။